ချင်းတွင်းမြစ်ရေ အမဲရောင်ဖြစ်နေတာ ကျောက် မီးသွေးကြောကြောင့်ဖြစ်

ချင်းတွင်းမြစ်ရေ အမဲရောင်ဖြစ်နေတာကြောင့် နန့်စလိန်ချောင်းဘက် သွားရောက်စစ်ဆေးနေစဉ်။Photo : Ohnmar Myint Ncea's Facebook
ချင်းတွင်းမြစ်ရေ အမဲရောင်ဖြစ်နေတာ ဘာကြောင့်လဲဆိုတာကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ကွင်းဆင်းလေ့လာ ရာ ကျောက်မီးသွေးကြောတစ်ခုကြောင့် ဖြစ်နိုင်တာကို တွေ့ခဲ့ရတယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ပြောပါတယ်။

ချင်းတွင်းမြစ်ထဲကိုစီးဝင်တဲ့ နန့်စလိန်ချောင်းမြစ်ဖျားခံရာ စာရာမေတိတောင်ခြေက ကျောက်မီးသွေးကြော ကို ဖြတ်ပြီး ချောင်းရေစီးနေတာကို တွေ့ရှိခဲ့ရတယ်လို့ အဖွဲ့ထဲမှာပါတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးသန်းဌေး က ပြောပါတယ်။

"၂ ဖွဲ့ခွဲလိုက်တယ်၊ တစ်ဖွဲ့က ဖြစ်နိုင်တဲ့နေရာကို ဆိုင်ကယ်တွေနဲ့သွားရတာပေါ့၊ ဆိုင်ကယ်စီးလို့ရတဲ့အထိ စီးတယ်၊ စီးလို့မရတဲ့နေရာကျတော့ ခြေလျင်လျှောက်သွားရတယ်၊ ကျွန်တော်တို့ အဲ့ဒီရေမဲကျတယ်ဆိုတဲ့ နန့်စလိန်ချောင်းမြစ်ဖျားခံရာ စာရာမေတိတောင်ခြေအထိ ရောက်ပါတယ်၊ ဖြစ်ရတဲ့ အရင်းအမြစ်ကို တွေ့ခဲ့ တယ်၊ အဲ့လိုတော့ အကြမ်းဖျင်းပြောလို့ရပါတယ်၊ သူက ကျောက်မီးသွေးကြောကို ဖြတ်ပြီးတော့ မှ ချောင်းရေက စီးတာပေါ့လေ၊ အဲ့မှာဖြစ်ပြီးတော့မှ မိုးကြီးတော့ တောင်ပြိုပြီးတော့ ပါလာတာပေါ့"

chပြီးခဲ့တဲ့ သြဂုတ်လ နောက်ဆုံးပတ်ကစပြီး ဟုမ္မလင်းနဲ့ ခန္တီးမြို့နယ်တဝိုက်မှာ ချင်းတွင်းမြစ်ရေတွေ မဲနေတာကြောင့် ဓါတ်ခွဲစစ်ဆေးရာမှာ ခဲဓာတ်တွေ အများအပြားပါဝင်နေတာကို တွေ့ရတာကြောင့် တိုင်းအစိုးရအဖွဲ့က စက်တင်ဘာလ ၆ ရက်နေ့ကစပြီး အခုလို ကွင်းဆင်းစစ်ဆေးနေတာပါ။

တစ်ဖွဲ့က ချင်းတွင်းမြစ်ရဲ့ မြစ်လက်တက်တွေဖြစ်တဲ့ နန့်စီဘွန်နဲ့ နန့်စလိန်ချောင်းတွေဘက်ကို သွားရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီဘက်က ရေတွေကို ဓါတ်ခွဲစစ်ဆေးရာမှာတော့ ခဲပါဝင်မှုတွေ များနေတာတွေ့ရပြီး ချင်းတွင်းမြစ်ရေမှာတော့ ခဲပါဝင်မှုမရှိတော့ဘူးလို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က ပြောပါတယ်။

လက်ရှိမှာတော့ ရေမဲတွေစဖြစ်တဲ့ အရင်းအမြစ်လို့ ယူဆရတဲ့ စာရာမေတိတောင်ခြေက ရေနမူနာတွေကို ယူဆောင်လာပြီး မန္တလေးဓါတ်ခွဲခန်းမှာ ထပ်မံစစ်ဆေးမှာ ဖြစ်ပါတယ်။

RFA Burmese
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :