မန်စီးတီးကို ပြောင်းရွှေ့ဖို့အတွက် မန်ချက်စတာမြို့မှာ လာရောက်ဆွေးနွေးနေပြီဖြစ်တဲ့ ဘရာဗို


ဘာစီလိုနာအသင်းရဲ့ အဓိက ဂိုးသမားဖြစ်တဲ့ ကလော်ဒီယိုဘရာဗိုကတော့ မန်စီးတီးအသင်းကို ပြောင်းရွှေ့မှုပြုလုပ်ဖို့အတွက် မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့အတူ သေချာလာရောက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းကတော့ လက်ရှိ ဂိုးသမားဖြစ်သူ ဂျိုးဟတ်ရဲ့ လက်စွမ်းမတည်ငြိမ်မှုကြောင့် အခုလိုပဲ ဘာကာဂိုးသမားကို ခေါ်ယူဖို့ စိုင်းပြင်းနေတာပါ။

ဘရာဗိုဟာ ပေါင် ၁၇ သန်းတန်အပြောင်းအရွှေ့နဲ့ မန်စီးတီးအသင်းကို ရောက်ရှိလာဖွယ်ရှိပြီး ဒါဟာ ဂိုးသမား ဂျိုးဟတ်အတွက်တော့ အက်တီဟတ်ကွင်းကို စွန့်ခွာဖို့အတွက် လမ်းစတွေဖြစ်သွားစေပါတယ်။ ဂွာဒီယိုလာကတော့ မန်စီးတီးအသင်းရဲ့ လက်ရှိဂိုးသမားဂျိုးဟတ်ကို တတိယဂိုးသမားအဖြစ်သာ ပွဲထွက်ခွင့်ပေးသွားဖွယ်ရှိနေပြီး ကာဘယ်လာရိုနဲ့ ဘရာဗိုတို့ကို ပွဲထွက်ဂိုးသမားတွေအဖြစ် အသုံးပြုဖို့ ဆန္ဒရှိနေတာဖြစ်တယ်လို့ သိရပါတယ်။


မန်ချက်စတာလေဆိပ်ကို ရောက်ရှိလာတဲ့ ပုံတွေကိုတော့ မန်ချက်စတာလေဆိပ်ရဲ့ တွစ်တာစာမျက်နှာမှာ တရားဝင် ဖော်ပြခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စအတွက် လာရောက်ညှိနှိုင်းမှု ပြုလုပ်တာဖြစ်တယ်လို့ သတင်းတွေက ရေးသားထားကြပါတယ်။ ဘရာဗိုကတော့ အရင်ရာသီမှာ ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုတွေရယူထားနိုင်ခဲ့သလို ၊ အမိနိုင်ငံ ချီလီအသင်းနဲ့လည်း ကိုပါအမေရိကဖလားကို နှစ်ကြိမ်ဆက်ရရှိထားတာပါ။


ဂွာဒီယိုလာရဲ့ အခုလို ဂိုးသမားနေရာအတွက် ဆုံးဖြတ်ချက်ကြောင့် အင်္ဂလန်နံပါတ်တစ်ဂိုးသမား ဂျိုးဟတ်ဟာ အဲဗာတန်အသင်းကို ပြောင်းရွှေ့ကစားရဖွယ်တွေရှိနေတယ်လို့လည်း ကောလဟလတွေ ထွက်ပေါ်လျက်ရှိပါတယ်။

( Beauty Syh )
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :