ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေး အခက်ကြုံ


အစိုးရသစ်လက်ထက်တွင် စားသောက်ကုန်ပစ္စည်းဈေးနှုန်းများကြီးမြင့်မှုကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

''ကုန်ဈေးနှုန်းက ကြီးမြင့်နေတော့ ကျွန်တော်တို့မှာ ကျပ်တည်းတာပေါ့။ ၀င်ငွေနဲ့ ထွက်ငွေနဲ့က မမျှဘူး။ မိသားစု စားဝတ်နေရေးအတွက်ကတော့ အမြဲရုန်းကန်နေရတာပေါ့။ အခုအစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ ကုန်ဈေးနှုန်းက ပိုဆိုးလာတယ်။ ဘဲဥ၊ ကြက်ဥတလုံး ၂၅၀ ကျပ်လောက်ဖြစ်နေပြီး ကန်စွန်းရွက်ဆို တစည်း ၃၀၀ ကျပ်လောက် ဖြစ်နေတယ်။ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေအတွက်ကတော့ ဒီလိုပုံစံမျိုး ကုန်ဈေးနှုန်းကြီးမြင့်နေဦးမယ်ဆိုရင် ကြာရင် အကုန်ဒုက္ခရောက်တော့မှာ။ ဒီကိစ္စကို အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ အမြန်ဆုံးကြပ်မတ်ဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်''ဟု သမ္ဗန်မောင်းသူတဦးဖြစ်သူ ဦးစိုးလှိုင်ကပြောသည်။

''ကျွန်တော်တို့ဒေသမှာ ရေကြီးရေလျှံမှုကြောင့် လယ်ယာမြေတွေပျက်စီးပြီး ဘာမှ လုပ်ကိုင် စားသောက်လို့ မရသေးဘူး။ ဒီလိုအခြေအနေမှာ ကုန်ဈေးနှုန်းက မတရားကြီးမြင့်နေတော့ ဒုက္ခရောက်တာပေါ့''ဟု ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ လယ်သမားတဦးဖြစ်သူ ကိုလတ်က ပြောသည်။

ပြည်သူရွေးချယ်တင်မြှောက်သည့် အစိုးရသစ်လက်ထက်တွင် ပြည်သူလူထု၏ စားဝတ်နေရေး ပြေလည်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ ယခုအခါပြည်သူများမှာ ကုန်ဈေး နှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေးဒုက္ခများနှင့် ရင်ဆိုင်နေရကြောင်နှင့် ယင်းပြဿနာကို အစိုးရအနေဖြင့် စနစ်တကျ စီမံကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း လယ်သမားအရေးလှုပ်ရှားဆောင်ရွက်သူ ဦးအောင်မြင့်က ပြောသည်။

ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုပြဿနာနှင့်ပတ်သက်၍ ''အစိုးရသစ်တက်လာပြီး နောက်ပိုင်းမှာ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ စီးပွားရေးဖွံ့ဖြိုးမှုကို အာရုံစိုက်မှုနည်းနေတယ်။ ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံ ဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှုမှာ သက်သာအောင် အစိုးရက လုပ်ပေးသင့်တယ်။ ၀န်ဆောင်မှုကဏ္ဍကလည်း အရေးကြီးတယ်။ ကျွန်တော်တဦးထဲ မြင်တာက တော့ လက်ရှိအနေအထားမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချရမယ်ဆိုတာထက် စီးပွားရေးရပ်ဝန်းတခုလုံး ရပ်ဆိုင်းနေတာကို မူဝါဒတွေ စနစ်တကျချမှတ်ပြီး ဆောင်ရွက်သင့်တယ်''ဟု စီးပွားရေးပညာရှင် ဦးချစ်ထွန်းဖေက ပြောသည်။

'အစိုးရသစ်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်ဈေးနှုန်းကျဆင်းရေးကိစ္စများကို ဆောင်ရွက်မည်ဆိုပါက သုံးသင့်သည့်ကိစ္စများ၌ ခြိုးခြံချွေတာမနေဘဲ သုံးစွဲသင့်ကြောင်း ဘတ်ဂျက်လိုငွေပြမှုသည် အစိုးရတိုင်း ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာဖြစ်ကြောင်း လိုငွေပြမှုကိုကြောက်ပြီး သုံးစွဲမှုကိုလျှော့မည်ဆိုပါက စီးပွားရေးချွတ်ခြုံကျသွားမှုကို သက်ရောက်စေကြောင်း လက်ရှိအခြေအနေတွင် ပို့ကုန်ထက် သွင်းကုန် ပမာဏက ပိုမိုများပြားနေကြောင်း၊ ပို့ကုန်အများအပြားတင်ပို့နိုင်ရန် ဆောင်ရွက်လိုပါက အရည်အသွေးကို ယခုထက် ပိုမိုမြှင့်တင်နိုင်ရမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးမြင့်ဇော်က ဝေဖန်ပြောကြားသည်။

လင်းယုန်(ဟံသာဝတီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :