ပွဲစား ကော်မရှင်


// သရော်စာ - စိုပြေ //

ပြည်သူတွေက သူ့အခွင့်အရေးကော်မရှင်ကို အပြစ်တင်ကြသည်။
တကယ်တော့ အပြစ် မတင်သင့်ပါ။ ကျေးဇူးတောင် တင်သင့်သေးသည်။ သူတို့ အကျိုးဆောင်ပေးလို့ သိန်း ၅၀ ရတာမဟုတ်လား။
ကိစ္စကိုတော့ အားလုံး သိပြီးလောက်ပြီထင်သည်။
ကလေးမလေး နှစ်ယောက်ကို နှိပ်စက်သည့် အမှု။

ရန်ကုန်မြို့ လမ်း ၄၀ မှာ ကလေးမလေးနှစ်ယောက်ကို မိသားတစ်စုက နှစ်ပေါင်းများစွာ နှိပ်စက်သည်။
လက်တွေချိုး၊ လည်ပင်းကိုး ဓားနဲ့လှီး၊ မျက်နှာကို ဓားနဲ့ ခုတ်။ လုပ်ခဲ့သည်။
ထိုကလေးမလေးတွေကို လစာ အဖြစ် ၁၅၀၀၀ ပေးသည်။ ပေးသည့် လစာ တစ်သောင်းခွဲကလည်း ၂၀၁၄ ခုနှစ်ကတည်းက မရတော့။
မိဘတွေနှင့်လည်း ကလေးမလေးတွေ ခမြာ တွေ့ခွင့်မရ။
မိဘတွေလာလျှင် တံခါးပိတ်ထားတာကို တွေ့ရမည်။ မရှိဟု ပြောကြသည်။

နောက်တော့မှ ထိုအပ်ချုပ်ဆိုင်ကို ၀င်ထွက်နေသည့် လူတစ်ဦးက မနေနိုင်သဖြင့် သတင်းထောက်ကို သတင်းပေသည်။
သတင်းထောက်က စုံစမ်းရင်းတွေ့။ ရဲ့စခန်းကိုတိုင်၊ မထူး။ သူ့အခွင့်အရေးကော်မရှင်ကိုတိုင်။ ဒီတော့မှ စစ်ဆေး။
ကာလအားဖြင့် လေးလလောက်တောင် ကြာသွားသည်ဟု ဆိုသည်။
ကလေးမလေးတွေ စတင်နှိပ်စက်ခံလာခဲ့ရတာက ငါးနှစ်ကျော်တောင်ကြာပြီ။ ၂၀၁၁ ခုနှစ်ကတည်းက။

နောက်ဆုံး သူ့အခွင့်အရေးကော်မရှိဆီကိုရောက်။ ရဲတွေက အမှုဖွင့်လို့ရတယ်လို့ပြော။
သို့သော်လည်း လူ့အခွင့်အရေးကော်မရှင်က ညှိုနှိုင်းပေးသည်။
ကြီးသည့် အမှုငယ်အောင်၊ ငယ်သည့်အမှု ပပျောက်အောင်တဲ့။
မေတ္တာထား၍ လုပ်ပေးခြင်းဆိုပဲ။

သို့နှင့် များများနှိပ်စက်ခံရသည့် ကလေးက သိန်းလေးဆယ် ရသည်။ နည်းနည်းပဲ အနှိပ်စက်ခံရသည့် ကလေးက ဆယ်သိန်းရ၏။
လျော်ကြေးအများကြီးရအောင် များများ အနှိပ်စက်ခံရမည်ပုံ။
တကယ်တော့ ထိုအမှုက ထောင်ဒါဏ် တစ်သက်တစ်ကျွန်းအထိ ကျနိုင်သည့် အမှု။
ဒါကို သိန်းငါးဆယ်ထဲနဲ့ ကြေအေးရတာဆိုတော့ လူတွေက မကြည်

သို့နှင့် သူ့အခွင့်အရေး ကော်မရှင်ကို တုတ်ကြတော့သည်။ ဆဲကြတော့သည်။
"လူ့အခွင့် အရေးကော်မရှင်လား ပွဲစားလား မသဲကွဲဘူး တို့။ ကော်မရှင်ကရော ကော်မရှင် ဘယ်လောက်ရလဲတို့"
"ခင်ဗျားတို့ သားသမီးတွေကို နှိပ်စက်ရင်ရော သိန်းငါးဆယ်ပဲ ပေးပြီး ကြေအေးပေးလို့ရမလား"တို့။
မျိုးစုံအောင် ဆဲကြတော့သည်။

တကယ်တော့ မဆဲသင့်ပေ။
သူ့အခွင့်အရေးကော်မရှင်သည်း အလွန်နပ်သည်ဟု ဆိုရမည်။
ယခုကိစ္စကို တရားမစွဲခိုင်း။
သိန်းငါးဆယ်နှင့် ကြေးအေးခိုင်းတော့ ကလေးမတွေလည်း သိန်းငါးဆယ်ရ။
မကောင်းလား။ ပြီးတော့ အခုဆို လူတွေက ၀ိုင်းအော်တော့ အမှုလည်း ပြန်ဖွင့်ရပြီ။
နို့မို့ အစကတည်းက တရားစွဲနေရင် လျော်ကြေးရနေမှာမဟုတ်။

ဒါကြောင့် လူ့အခွင့်အရေးကော်မရှင်သည် အလွန်လေးစားဖို့ ကောင်းခြင်းဖြစ်သည်။
သူတို့ ရွှေ့သော အကွက်တွေ အရမ်းလှသည်။ တော်ရုံလူ နားမလည်နိုင်။

အခုဆိုကော်မရှင်က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်ကိုပင် အပြစ်တင်လိုက်သေးသည်။
ထိုအမှုကို ဖော်ထုတ်ခဲ့သည့် သတင်းထောက်က ဆိုင်ကို ဓါတ်ပုံလာရိုက်သည့်အတွက် ကလေးမလေးတွေ ခမြာ ဖျားတောင် ဖျားသတဲ့။
သတင်းထောက်ကို လန့်လို့တဲ့လေ။
ဒီလို စကားမျိုးကို အကြောင်းမဲ့ပြောခြင်းတော့မဟုတ်။ ကလေးမလေး တွေ လျှော်ကြေးရအောင် ရွှေ့လိုက်သည့် အကွက်ကို လူတွေ မရိပ်မိအောင် ပြောခြင်းဖြစ်သည်။
ဘယ်လောက်လေးစားဖို့ ကောင်းတုန်း။

သို့သော်လည်း ပြည်သူတွေ ခမြာ ကော်မရှင်၏ စေတနာကိုနားမလည်ရှာ။
ကော်မရှင်လူကြီးတွေနှုတ်ထွက်ဖို့တောင်းဆိုနေကြပြီ။ ဒီပုံအတိုင်းဆို နှုတ်ထွက်ရမှာ သေချာသလောက်ရှိသည်။
နှုတ်ထွက်ရလျှင် အခုလို ထောက်ပံ့ကြေးတွေ ရမှာမဟုတ်တော့။

ကော်မရှင်၏ စေတနာကို နားလည်သူအချို့ စိတ်ပူသွားပါသလား။
စိတ်မပူပါနဲ့။ ကော်မရှင်အဖွဲ့ဝင်တွေဟာ ထောက်ပံ့ကြေးမရရင်လည်း ကိစ္စမရှိပါ။

သူ့အခွင့်အရေးကော်မရှင်က အရမ်းနပ်သည်။ ကျွမ်းကျင်သည်။
ဘယ်လို အကွက်ရွှေ့ရမှန်းသိသည်။ ဘယ်လောက်ပေးရင် အမှုကြေအေးမလဲဆိုတာ သိသည်။
ဒါမျိုးက ပွဲစားတွေမှာ ရှိသည့် အရည်အချင်း။

အခု အမှုမှာတောင် ကော်မရှင်လည်း ကော်မရှင် ရသလားတော့မသိ။
ဒါကြောင့် ဒီကော်မရှင် ထွက်ရလျှင် စိတ်ပူစရာမလိုတော့
ပွဲစား လုပ်စားကြလိမ့်မည်။

စိုပြေ

The Ladies News
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :