တောင်ကျရေချောင်းအားဖြတ်ကူးရာမှ တောင်ယာသို့ နှမ်းခုတ်သွားသူ ရေနှင့်အတူ မျှောပါပျောက်ဆုံးနေ


မိုးသည်းထန်စွာရွာသွန်းပြီး ရေများထိုးဆင်းလာသော တောင်ကျရေချောင်း၌ ဖြတ်ကူးရာမှ တောင်ယာသို့ နှမ်းခုတ်သွားသူ တစ်ဦး တောင်ကျရေနှင့်အတူ မျှောပါ ပျောက်ဆုံးသွားကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်း ၈ နာရီခွဲအချိန်တွင် ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ချိကွဲကျေးရွာနေထိုင်သူ ဦးတင်ဇော်သည် တောင်ယာသွားခုတ်ရာ နှမ်းခုတ်ရာတွင် အသုံးပြုသည့် နှီး မေ့ကျန်ရာမှ ရွာသို့ ပြန်ယူအပြီး တောင်ယာသို့ ပြန်လာသည့် အချိန်တွင် ရေဖြတ်ကူးရာမှ တောင်ကျချောင်းရေနှင့်အတူ မျှောပါလာသည့် သစ်ကိုင်း၊သစ်လုံး၊ အမှိုက်များနှင့် တိုက်မိပြီး မျှောပါသွားသည်ဟု ချိကွဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက ကန္တာရဝတီတိုင်း(မ်)သို့ ဖုန်းဖြင့် ပြောကြားသည်။

“အဲ့ဒီချောင်းနဘေးနားက နှမ်းခုတ်နေတဲ့သူတွေက တွေ့တယ်တဲ့။ မိုးကာ အင်္ကျီအနီရောင်နဲ့ လူတစ်ယောက် အမှိုက်တွေ သစ်ကိုင်း သစ်ခတ်တွေကြားမှာပါသွားတာတွေ့တယ်တဲ့။ လိုက်ကြည့်သေးတယ်တဲ့ အရှေ့မှာက ခြုံတွေရှိနေလို့ လိုက်မကြည့်နိုင်တော့ဘူးတဲ့။” အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက ပြောသည်။

တောင်ကျချောင်းကျဆင်းသွားသည့်အချိန်တွင် ချောင်းရိုးတလျောက်မှ ၎င်းချောင်း စီးဆင်းသွားသည့် နမ့်ပွန်ချောင်းအထိ ရွာသားများနှင့် ဘောလခဲမြို့အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲများနှင့် မီးသတ်တပ်ဖွဲ့များမှ ဝိုင်းဝန်းရှာဖွေနေသော်လည်း ယနေ့ည ၈ နာရီအထိ ရေမျှောပါသွားသူအား မတွေ့ရှိရသေးကြောင်း သိရသည်။

ဓာတ်ပုံ - စိုင်းလင်းလင်းဦး
Kantarawaddy Times
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :