ပဲခူးရိုးမတောစပ်တွင် အမျိုးသားတစ်ဦး တောဆင်ရိုင်း အနင်းခံရ၍ သေဆုံး



ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့အရှေ့ဘက် ပဲခူးရိုးမတောစပ်မှာ စက်တင်ဘာ(၁၁)ရက် ည(၁၁)နာရီအချိန်ခန့်က အမျိုးသားတစ်ဦး တောဆင်ရိုင်း အနင်းခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။ အဲဒီအမျိုးသားဟာ ရေသိုးကျေးရွာအုပ်စု၊ မာဂရီသစ်တောကြိုးဝိုင်း အကွက်အမှတ်(၆)မှာ သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။


အဲဒီသေဆုံးခဲ့တဲ့ အမျိုးသားဟာ အသက်(၅၇)နှစ်အရွယ်ရှိတဲ့ ဦးတင်မြိုင်ဆိုသူဖြစ်ပြီး ဇနီးဖြစ်သူဒေါ်အုန်းကြည်နဲ့အတူ တောင်ယာလုပ်ကိုင်ပြီးနောက် လင့်စင်ပေါ်မှာ အနားယူနေစဉ် တောဆင်ရိုင်းတစ်ကောင်ရောက်လာပြီး လင့်စင်ကိုတိုက်ခိုက်ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ဒေါ်အုန်းကြည်ရဲ့ ပြောပြချက်အရသိရပါတယ်။


လင့်စင်ပြိုကျမှုဟာ တောဆင်ရိုင်းတိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း လင့်စင်အောက်ရောက်မှ သိရှိရခြင်းဖြစ်ပြီး ညအမှောင်ဖြစ်၍ ပတ်ဝန်းကျင်ကို သိပ်မမြင်ရဘဲ အကူအညီတောင်းခံဖို့အတွက် အခြားလူနေအိမ်ခြေတွေနဲ့လည်း အော်ဟစ်မရလောက်အောင် ကွာလှမ်းနေတာကြောင့် ကြောက်အားလန့်အားနဲ့ ထွက်ပြေးခဲ့ရတယ်လို့ သေဆုံးသူရဲ့ဇနီးဖြစ်သူကပြောပါတယ်။


ခင်ပွန်းဖြစ်သူဦးတင်မြိုင်ဟာလည်း တောဆင်ရိုင်းနင်းသတ်တဲ့အတွက် သေဆုံးခဲ့ရတာဖြစ်မယ်လို့ ဇနီးဖြစ်သူကပြောပါတယ်။ တောဆင်ရိုင်းတွေက ည(၇)နာရီဆို တစ်ခါတစ်လေအုပ်လိုက် အစာရှာထွက်ကြကြောင်း၊ တစ်ခါတစ်လေ တစ်ကောင်းတည်း အစာရှာထွက်တတ်တဲ့အတွက် ရွာနဲ့ဝေးတဲ့နေရာတွေဆိုရင် သစ်ပင်ကြီးတွေပေါ်မှာ လင့်စင်ထိုးနေကြရကြောင်း၊ ရွာနားရောက်လာပါက သံဗုံးခေါက်တာတွေ၊ မီးဒုတ်တွေနဲ့အော်ဟစ်ခြောက်လှန့်တာတွေလုပ်မှ တစ်ခြားနေရာကို ရှောင်ထွက်သွားကြကြောင်း၊ တောဆင်ရိုင်းတွေလာပြီဆိုပါက ခွေးတွေဝိုင်ဟောင်တတ်ကြောင်း၊ ဒီနှစ်အတွင်းမှာ တောဆင်ရိုင်းအနင်းခံရတာဟာ အခုအကြိမ်ဟာပထမဆုံးဖြစ်ပြီးပြီး ခဲ့တဲ့နှစ်တွေကဆိုရင် တောဆင်ရိုင်းအနင်းခံရသူ သုံးဦးထက်မနည်းကြောင်း ဒေသခံတစ်ဦးကရှင်းပြပါတယ်။


 တောဆင်ရိုင်းအနင်းခံရပြီး သေဆုံးသူဦးတင်မြိုင်ဟာ ဦးခေါင်အရေပြားပေါက်ပြဲဒဏ်ရာ၊ ဆီးခုံပေါက်ပြဲဒဏ်ရာ၊ ဝဲရင်ဘတ်ပေါက်ထွက်ဒဏ်ရာ၊ ခန္ဒာကိုတစ်ဝိုက်အသားစများ ထွက်ဒဏ်ရာတွေနဲ့သေဆုံးခဲ့တာဖြစ်ပြီး ဥက္ကံမြို့ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်၉/၂၀၁၆နဲ့ အမှုဖွင့်လှစ်ဆောင်ရွက်နေကြောင်းဥက္ကံမြိုနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြောင်း တင်ဝင်းနိုင်(တိုက်ကြီး)ရဲ့ သတင်းပေးပို့ချက်အရသိရပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :