မြန်မာသင်္ဘောသား သောင်းချီ အလုပ်အကိုင်ရှားပါးမှု ကြုံတွေ့နေရ


ကမ္ဘာ့စီးပွားရေးကျဆင်းနေမှုကြောင့် မြန်မာသင်္ဘောသားသောင်းနှင့်ချီ၍ အလုပ်အကိုင်ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း သင်္ဘောသားအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။ မြန်မာသင်္ဘောသားအများစု စိတ်ဝင်စားသော ကိုရီးယားသင်္ဘောလိုင်းများ အပါအ၀င် ကမ္ဘာ့သင်္ဘောလိုင်းအချို့အရှုံးပေါ်နေခြင်းနှင့် လိမ်လည်မှုပြုလုပ်နေသည့် သင်္ဘောသားအေဂျင်စီအချို့ကြောင့် မြန်မာသင်္ဘောသားများ အလုပ်အကိုင်ရှားပါးမှုနှင့် ကြုံတွေ့နေရသည်ဟု ၀ါရင့်သင်္ဘောသားတဦးဖြစ်သူ ဦးကျော်စွာက ပြောသည်။

''သင်္ဘောသားဈေးကွက်က လက်ရှိအခြေအနေမှာ ပျက်မလိုတောင်ဖြစ်နေတာ။ ဒီကြားထဲ လိမ်တဲ့ အေဂျင်စီတွေနဲ့ သွားတွေ့တဲ့ သင်္ဘောသားတွေ ဒုက္ခကိုရောက်ရော။ ဈေးကွက်က တနှစ်ထက် တနှစ်ပိုဆိုးလာနေတယ်''ဟု ၎င်းကပြောသည်။ သင်္ဘောသားဈေးကွက် ယခုထက်ပိုမိုထိခိုက်မှုမရှိစေရန် အစိုးရကတတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးစေချင်ကြောင်းနှင့် တရားမ၀င် အေဂျင်စီများနှင့် လိမ်လည်နေသည့်ပွဲစားများကို ထိရောက်စွာအရေးယူပေးစေချင်ကြောင်း သင်္ဘောသားအချို့က ပြောကြားသည်။ ''အေဂျင်စီအတုတွေ လူလိမ်ပွဲစားတွေကြောင့် ဘ၀ပျက်သွားတဲ့သင်္ဘောသားတွေ အများကြီးရှိပါတယ်။ တခုခုဖြစ်ရင် သင်္ဘောသားကိုပဲ တရားစွဲခိုင်းနေ တယ်။ နဂိုကမှဒုက္ခရောက်နေတဲ့ သင်္ဘောသားက ဘယ်လိုတရားစွဲနိုင်မှာလဲ။ စိတ်ချရတဲ့ကုမ္ပဏီတွေနဲ့ပဲ သွားစေချင်တယ်။ ပိုက်ဆံတော့ပေးရတာများတာပေါ့''ဟု ၀ါရင့်သင်္ဘောသားတဦးကပြောသည်။

မြန်မာနိုင်ငံတွင် သင်္ဘောသားမှတ်ပုံတင်ရရှိထားသူ တသိန်းကျော်ရှိပြီး ကမ္ဘာ့သင်္ဘောလိုင်းများတွင် မြန်မာသင်္ဘောသား သုံးသောင်းကျော်အလုပ်လုပ်ကိုင်နေကြသည်။ ''သင်္ဘောသားတွေက သူတို့တက် ချင်တဲ့လိုင်းကို စောင့်နေရတဲ့သူတွေရှိတယ်။ ကုမ္ပဏီကောင်းကောင်းနဲ့ချိတ်မိတဲ့သူတွေ ပိုက်ဆံပေးနနိုင်ရင် သိပ်မစောင့်ရဘူး။ ပွဲစားတွေနဲ့ချိတ်ပြီး သွားတဲ့လူတွေက သင်္ဘောလိုင်းပိတ်သွားတာတို့၊ ပြောထားတဲ့အတိုင်း လစာမရတာတို့အဖြစ်များတယ်။ တချို့အေဂျင်စီတွေက သူတို့နဲ့သွားစေချင်တော့ သင်္ဘောသားတွေရဲ့ စာရွက် စာတမ်းမူရင်းတွေကို ပြန်မပေးဘဲ အချိန်ဆွဲတာမျိုးတွေလည်းရှိတယ်''ဟု သင်္ဘောတက်ရန်စောင့်ဆိုင်းနေသူ ကိုဇေယျာဖြိုးဝင်းကျော်က ပြောသည်။

နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :