စစ်တွေမြို့နယ်မှာ ဂျပန် ဦးနှောက်ရောင်ရောဂါဖြစ်ပွား မှုများနေ

စစ်တွေမြို့နယ်မှာ စက်တင်ဘာလ ၁၈ ရက်နေ့က ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးပေးနေသည်ကို တွေ့ရစဉ်။ Photo: လေးဝတီထွန်းစောခိုင်/ Facebook
ရခိုင်ပြည်နယ်မှာ ဒီနှစ်အတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ ၄၅ ဦးရှိခဲ့ပြီး ၆ ဦး သေဆုံးခဲ့တာကြောင့် လူဦးရေများတဲ့ စစ်တွေမြို့နယ် မှာ ရောဂါကာကွယ်ဆေးတွေ ထိုးပေးနေတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်း မာရေးဦးစီးဌာန ဌာနမှူး ဒေါက်တာ သောင်းလှိုင်က ပြောပါတယ်။

စစ်တွေမြို့နယ်မှာ အသက် ၉ လကနေ ၁၅ နှစ်ကျော်အရွယ် ကလေးဦးရေ တစ်သိန်းနီးပါးကို ရောဂါကာ ကွယ်ဆေးတွေထိုးပေးသွားမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူး ဒေါက်တာ သောင်းလှိုင် က ပြောပါတယ်။

"လောလောဆယ် စစ်တွေမှာတော့ အသက် ၉ လ ကနေ ၁၅ နှစ်ကြားထဲကို ခန့်မှန်းလူဦးရေ ၉ သောင်း ၉ ထောင် ရှိတယ်၊ ဆေးက ၁ သိန်းရတယ်၊ အဲ့တော့ ၉ သောင်း ၉ ထောင် ထိုးမယ်လို့ စိတ်ကူးထားတယ်၊ ဘတ်ဂျက်အနေအထားအရ ဒီနှစ်အတွက်ကို တစ်ခြား ရှမ်းတို့၊ ဧရာဝတီတို့ဘက်မှာလည်း ဖြစ်လိုက်တဲ့ အခါ ကျတော့ အဲ့ဒီဘက်ကိုလှည့်ပြီးတော့ ထိုးရမှာဆိုတော့ သူက အကုန်တော့မထိုးနိုင် တော့ဘဲ စစ်တွေ ၁ မြို့နယ်ပဲပေါ့၊ ရှေ့နှစ်ကျရင်တော့ အကုန်လုံး ရခိုင်တစ်ပြည်နယ်လုံးထိုးနိုင်မယ်လို့ မျှော်လင့်ထားတယ်"

မနှစ်က ရခိုင်ပြည်နယ်မှာ စစ်တွေခရိုင်နဲ့ မြောက်ဦးခရိုင်တို့မှာ ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားခဲ့ပြီး ဒီနှစ်မှာတော့ အဲဒီခရိုင်နှစ်ခုအပြင် ကျောက်ဖြူ နဲ့ ပေါက်တောမြို့နယ်တွေမှာပါ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မနှစ်ကလည်း ရခိုင်ပြည်နယ်မှာ ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ ၄၀ ကျော် ရှိခဲ့ပြီး ၈ ဦးသေဆုံးခဲ့ပါတယ်။ ဒီနှစ်မှာတော့ ၄၀ ကျော် ရောဂါဖြစ်ပွား ပြီး သေဆုံးသူ ၆ ဦး ရှိခဲ့ပါတယ်။

စစ်တွေမြို့မှာ စက်တင်ဘာလ ၁၆ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၁၀ရက်ကြာ ကာကွယ်ဆေးတွေ ထိုးနှံပေးသွားမှာ ဖြစ်ပြီး မွတ်စလင်ဒုက္ခသည်စခန်းတွေမှာ ကာကွယ်ဆေးတွေ ထိုးပေးသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်တာဖြစ်ပြီး ကလေးငယ်တွေမှာ ပိုပြီးအဖြစ်များနေတာ ဖြစ်ပါတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါဟာ စပါးခင်းတွေ မှာ ပါက်ဖွားတဲ့ ခြင်တွေကတဆင့် ဝက်၊ ကျွဲ၊ နွားတွေကို ကိုက်ရာကနေ လူတွေဆီကို ထပ်ပြီး ကူးစက်တာဖြစ်ပါတယ်။

လာမယ့် ၂ဝ၁၇ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးပေးသွားဖို့ စီစဉ်နေပါ တယ်။

RFA Burmese
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :