သထုံမြို့နယ်၊ ရွှေသံလွင်တိုးလ်ဂိတ်ဝန်ထမ်း အမျိုးသားတစ်ဦးအား အုပ်စုဖွဲ့ကာ ဓားဖြင့်ထိုးမှုဖြစ်ပွား


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာပိုင် ရွှေသံလွင်ကွင်းကူးတိုးလ်ဂိတ်ရှိ ဂိတ်ဝန်ထမ်း အမျိုးသားတစ်ဦးအား လူငယ် ငါး ဦးက တုတ်ဖြင့်ရိုက်၊ ဓားဖြင့်ထိုးမှု စက်တင်ဘာ ၉ ရက်တွင်ဖြစ်ပွားခဲ့ကြောင်း သထုံမြို့မ ရဲစခန်းမှ သိရှိရသည်။

 ရွှေသံလွင်တိုးဂိတ်တွင် အမျိုးသားတစ်ဦးဓားထိုးခံရကြောင်း သတင်းအရ သထုံမြို့မရဲစခန်းမှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးရာ ဂိတ်ဝန်ထမ်း အမျိုးသား တစ်ဦး ဓားထိုးခံရပြီး ဒဏ်ရာဖြင့်လဲနေသဖြင့် သထုံခရိုင်ပြည်သူ့ ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။
 "ဂိတ်ကကောင်မလေးကို အုပ်စုဖွဲ့ မဖွယ်မရာစကားပြောနေတာကို ဝန်ထမ်းကတားတာ။ ဒါကို သူတို့တွေက ရိုက်နှက်ဓားနဲ့ထိုးတာ။ သူတို့တွေကိုတော့ ဖမ်းမိထားပါတယ်။ ဓားနဲ့အထိုးခံရတဲ့ကောင်လေးကတော့ ဆေးရုံ တင်ထားရတယ်။ အခြေအနေကတော့ စိုးရိမ်ရတဲ့အခြေအနေပါ။''ဟု သထုံခရိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မင်းကပြောသည်။

အဆိုပါဂိတ်တွင် လယ်ဂျာစာရင်းရေးသွင်းသူ မကြူကြူအေး တာဝန်ကျနေစဉ် ခေါင်းပြား(ခ) ကောင်း ထက်၊ ဘုကြီး(ခ)ဝင်းထွဋ်၊ ဘကြိုင်၊ ထူးထူး၊ ရဲရင့်အောင် တို့ ငါး ဦး သည် ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး မကြူကြူအေးအား ကိုယ်ထိလက်ရောက် အခြေအနေဖြင့် မဖွယ်မရာစကား ပြောဆိုစဉ် ရဲထက်အောင်က ထို့သို့မပြုလုပ်ရန် ဖျန်ဖြေပေးခဲ့သည်။

 ယင်းဖျန်ဖြေပေးသူ ရဲထက်အောင်ကို လူငယ် ငါး ဦးအဖွဲ့က သံပိုက်ဖြင့် ရိုက်ကာ ဓါးဖြင့် ထိုးသဖြင့် စိုးရိမ်ရသည့် ဒဏ်ရာများရရှိကာ ဆေးရုံသို့တင်ပို့ခဲ့ရပြီး လူငယ်အဖွဲ့မှာ ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ အုပ်စုဖွဲ့ပြစ်မှုကျူးလွန်သူများဖြစ်သော ခေါင်းပြား(ခ)ကောင်းထက်၊ ဘုကြီး(ခ)ဝင်းထွဋ်၊ ဘကြိုင်၊ ထူးထူး၊ ရဲရင့်အောင်တို့အား သထုံမြို့မရဲစခန်းမှ (ပ) ၄၆၅ /၂၀၁၆ ရာဇသတ်ကြီးပုဒ်မ- ၃၂၆ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :