နေပြည်တော်က ဗိုလ်မှုးလင်မယားသေဆုံးမှု သမီးဖြစ်သူက အဖြစ်မှန်ကို ထုတ်ဖေါ်ပြောဆို

(အလောင်းစွန့်ပစ်ခဲ့တဲ့ ချောက်ရှိရာ ရေနှုတ်မြောင်း တနေရာ)
နေပြည်တော်တပ်ကုန်းမြို့နယ် အမှတ်(၃) အထူးဆောက်လုပ်ရေး အင်ဂျင်နီယာတပ်က ဗိုလ်မှူး ဝေဖြိုးအောင်နဲ့ ဇနီးဖြစ်သူတို့ နှစ်ဦးစလုံး ဓါးဒဏ်ရာနဲ့သေဆုံးတဲ့ ဖြစ်စဉ်မှာ သူတို့ရဲ့ (၄)နှစ်သားအရွယ် သမီးဖြစ်သူကထုတ်ဖေါ်ပြောဆိုခဲ့တာကြောင့် အမှုမှန်ပေါ်ပေါက်သွားခဲ့ပါတယ်။

ဗိုလ်မှူး ဝေဖြိုးအောင်ဟာ ဇနီးဖြစ်သူနဲ့စကားများရာကနေ ဇနီးဖြစ်သူကို ဓားနဲ့ထိုးမိပြီး အလောင်းကို ချောက်ထဲပစ်ချကာ မိမိကိုယ်ကိုယ်လည်း ဓားနဲ့ထိုးပြီး အဆုံးစီရင်ခဲ့တာကို (၄)နှစ်သားအရွယ်သမီးဖြစ်သူက တွေ့ရှိခဲ့တယ်လို့ ပြောဆိုခဲ့ကြောင်း တပ်ကုန်းမြို့မရဲစခန်းက အတည်ပြုပါတယ်။

 စက်တင်ဘာလ(၁၄)ရက် နံနက်(၄)နာရီခွဲလောက်က အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ဗိုလ်မှူးဝေဖြိုးအောင်ဟာ ကင်းသာ-ပင်လောင်းကားလမ်း မိုင်တိုင်(၈)မိုင် (၃)ဖာလုံအရောက်မှာ ဇနီးဖြစ်သူနဲ့စကားများပြီး ဇနီးဖြစ်သူက ဓားနဲ့စထိုးခဲ့ကြောင်း၊ ဇနီးဖြစ်သူ သေဆုံးခဲ့ပြီးနောက် ခင်ပွန်းက အလောင်းကို ချောက်ထဲချထားခဲ့ကြောင်း၊ အဲဒီနောက် ကားကိုဆက်မောင်းလာပြီး မိုင်တိုင်(၅)မိုင်အရောက်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း သမီးဖြစ်သူရဲ့ ပြောကြားချက်အရသိရပါတယ်။

 မသေဆုံးမီ ဗိုလ်မှူးဝေဖြိုးအောင်က သူ့ရဲ့ညီဖြစ်သူကို ဖုန်းလှမ်းဆက်ပြီး ဇနီးဖြစ်သူက ဓားနဲ့ထိုးနေကြောင်း အကြောင်းကြားခဲ့ပါတယ်။

 အဲဒီနောက် ဗိုလ်မှူးဝေဖြိုးအောင်ရှိတဲ့နေရာကို သူ့ရဲ့မိသားစုဝင်တွေက လာရောက်ခဲ့ရာမှာတော့ သေဆုံးနေတာကိုတွေ့ခဲ့ရပြီး ဇနီးဖြစ်တဲ့ ဒေါက်တာမြတ်စန္ဒီကျော်ကိုတော့ အဲ့ဒီနေ့ညနေ (၆)နာရီလောက်မှ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 ဒါပေမယ့် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကတော့ လူသတ်မှုနဲ့ နှစ်ဘက်အပြန်အလှန်အမှုဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။

 ဒဏ်ရာဒဏ်ချက် စစ်ဆေးချက်တွေကို ကျွမ်းကျင်တဲ့ ပါရဂူတွေကို အဖြေရှာခိုင်းထားပြီး စီအိုင်ဒီကို စုံစမ်းဖို့ အထူးတာဝန်ပေးထားတယ်လို့ နေပြည်တော်ကောင်စီနယ်မြေ ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးကြီး ဇော်ခင်အောင်က ပြောကြားထားပါတယ်။

5 Plus News
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :