ရန်ကုန်မြို့လည် လူသတ်မှု တူဝရီး (၂)ယောက် သေဆုံး

ကျောက်တံတားမြို့နယ်ရှိ နေအိမ်အတွင်း တူဝရီးစကားများ ရန်ဖြစ်ရာမှ ဒဏ်ရာရသေဆုံးမှုဖြစ်
ရန်ကုန်၊ စက်တင်ဘာ ၁၈

၁၈.၉.၂၀၁၆ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ကျောက်တံတားမြို့နယ်၊ (၃)ရပ်ကွက်၊ (၃၅)လမ်း(အလယ်ဘလောက်)ရှိ တိုက်အိမ်(၃)လွှာ ယာဘက်တွင်နေထိုင်သူ ဒေါ်နှင်းပပလှိုင်သည် သွေးထွက်ဒဏ်ရာများဖြင့် တစ်လမ်းတည်းနေ အိမ်နီးချင်းဖြစ်သူထံသို့ရောက်ရှိလာပြီး ၎င်းတို့နေအိမ်တွင် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ပြောပြအကူအညီတောင်းသဖြင့် ပတ်ဝန်းကျင်ရှိလူများမှ နေအိမ်ပေါ်သို့တက်ရောက်ကြည့်ရှုခဲ့ကြောင်း၊ နေအိမ်ပေါ်တွင် ဒေါ်ကြင်မွှေး၊ (၆၅)နှစ်မှာ ဦးခေါင်း၌ ပြတ်ရှဒဏ်ရာများ၊ လည်ပင်းတွင်ထိုးသွင်း ဒဏ်ရာများဖြင့် သတိလစ်မေ့မျောနေသည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ယင်းအချိန်တွင် နေအိမ်နောက်ဘက်မှ ပြိုလဲသံကြား၍ သွားရောက်ကြည့်ရှုကြရာ နောက်ဖေးလမ်းကြားမြေပြင်၌ အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး လဲကျနေသည်ကိုတွေ့ရှိရကြောင်းတို့ကို ကျောက်တံတားမြို့မရဲစခန်းသို့ သတင်းပေးအကြောင်းကြားလာသဖြင့် ရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးခဲ့ပါသည်။


ဖြစ်စဉ်မှဒဏ်ရာရရှိသူ ဒေါ်နှင်းပပလှိုင်၊ ဒေါ်ကျင်မွှေးနှင့် သတိမေ့လဲကျနေသူ အမျိုးသားတို့အား ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ၎င်းလူငယ်မှာ ဆေးရုံသို့ရောက်ရှိစဉ် သေဆုံးသွားခဲ့ပြီး ဒေါ်ကျင်မွှေးမှာလည်းရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်ခဲ့ရာ သေဆုံးသွားသည့် အမျိုးသားမှာဒေါ်ကြင်မွှေး၏ ညီမအရင်းဖြစ်သူ ဒေါ်ခင်ခင်စု၏သား သန်လျင်မြို့နယ်နေ မြတ်ကိုလှိုင်ဖြစ်ကြောင်း၊ အခင်းဖြစ်ချိန်တွင် ဒေါ်နှင်းပပလှိုင်မှာ ရေချိုးခန်း
အတွင်းရှိနေပြီး မိခင်ဖြစ်သူ ဒေါ်ကြင်မွှေးနှင့် တူအရင်းတော်စပ်သူ မြတ်ကိုလှိုင်တို့ စကားများရန်ဖြစ်ကြခြင်းဖြစ်ကြောင်း၊ ဒေါ်နှင်းပပလှိုင်မှ အသံများကြားရ၍ထွက်ကြည့်ရာ ၎င်းကိုလည်း မြတ်ကိုလှိုင်မှ လာရောက်
ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တံတားမြို့မရဲစခန်း(ပ)၁၉၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လတ်တလောစိစစ်ချက်များအရ လူမှုကွန်ရက် သတင်းများတွင် ဖော်ပြထားသကဲ့သို့ အနုကြမ်းစီးခံရခြင်း မဟုတ်ကြောင်း သတင်းရရှိပါသည်။

Yangon Police
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :