ပိတ်ဆို့မှုတွေကို ရုပ်သိမ်းချိန်တန်ပြီ


ဝါရှင်တန်ဒီစီမြို့ရှိ အမေရိကန် အာဆီယံ စီးပွားရေးလုပ်ငန်းရှင်များအသင်း US-ASEAN Business Council မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့်မိန့်ခွန်းထဲမှာ ကောက်နှုတ်ချက်

ပြည်သူတွေရဲ အခွင့်အရေးကို လုံးဝလေးစားခြင်းမရှိသလို ဒီမိုကရေစီစနစ်ကိုလည်း လုံးဝစိတ်ဝင်စားခြင်းမရှိတဲ့ မြန်မာစစ်အစိုးရကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်နိုင်ရေးအတွက် မြန်မာပြည်သူတွေ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ဘဝကို ရောက်စေချင်တဲ့ အမေရိကန်လွှတ်တော်ထဲက မိတ်ဆွေကောင်းတွေက ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ကြပါတယ်။

လူတချို့က အချိန်မတန်သေးဘူးလို့ ပြောကြပေမယ့် အခုအချိန်ဟာ အဲ့ဒီပိတ်ဆို့မှုတွေကို ရုပ်သိမ်းချိန်တန်ပြီလို့ ကျမတို့ ဆုံးဖြတ်ခဲ့ပါတယ်။

တကယ်တော့ ဒီမိုကရေစီဆိုတာ ကျမတို့အတွက် သာမန်စကားလုံးတစ်ခုမျှမကပါဘူး။ ဒီမိုကရေစီဆိုတာ ကျမတို့ အတွက်တော့ ဘဝတခုလုံးဖြစ်ပါတယ်။ ဒါ့အပြင် လုံခြုံမှုနဲ့ လွတ်လပ်မှုတွေ ရရှိရေးအပြင် ကျမတို့ရဲ့ ဘဝတွေ အဓိပ္ပါယ်ရှိဖို့နဲ့ လူမှုဘဝတွေ ပြည့်စုံသာယာရေးအတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။

အဲ့ဒီလိုဖြစ်ဖို့အတွက် စီးပွားရေးဟာ အဓိကပါပဲ။ နိုင်ငံရေးဆိုတာ စီးပွားရေးနဲ့ ကင်းကွာလို့ မရပါဘူး။ ဒါကြောင့် စီးပွားရေးသမားကောင်းတွေ ကျမတို့ဘာကြောင့် လိုအပ်တယ်ဆိုတာကို ဒီကနေ့ ဒီနေရာကနေ ကျမ ရှင်တို့ကို ရှင်းပြချင်ပါတယ်။
ဘယ်စီးပွားရေးမှ အကျိုးအမြတ်မရှိပဲ မရှင်သန်နိုင်ဘူးဆိုတာ ကျမ ထပ်တလဲလဲ ပြောဆိုခဲ့ပြီးပါပြီ။ ဒါကြောင့် ရှင်တို့အတွက်ရော ကျမတို့အတွက်ပါ အကျိုးရှိစေချင်ပါတယ်။

အမေရိကန်နဲ့ မြန်မာပြည် မိုင်ပေါင်းများစွာဝေးပေမယ့် ကျမတို့ဟာ တစ်ဦးကိုတစ်ဦး ကောင်းစားစေချင်တဲ့ စိတ်ဆန္ဒတွေအရ အလွန်နီးစပ်တဲ့ မိတ်ဆွေတွေဖြစ်ကြတယ်လို့ ကျမယုံကြည်ယူဆပါတယ်။

အောင်မြင်မှုတွေရရှိမယ်လို့ ကျမတို့ အပြည့်အဝယုံကြည်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုဆိုတာ အလွယ်တကူ ရရှိနိုင်တဲ့အရာမဟုတ်ပါဘူး။ စီးပွါးရေးတိုးတက်အောင် လုပ်ဆောင်ဖို့အတွက် ဖြေရှင်းရမယ့် နိုင်ငံရေးပြဿနာတွေက ကျမတို့နိုင်ငံမှာ ဒုနဲ့ဒေးရှိနေပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ အင်မတန်အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးရမှ ဒီမိုကရေစီနိုင်ငံအစစ်ကို တည်ဆောက်နိုင်မှာပါ။

တိုင်းရင်းသား ၁၃၅ မျိုးလောက်ရှိတဲ့ ကျမတို့နိုင်ငံမှာ လူဦးရေများတဲ့ တိုင်းရင်းသားအဖွဲ့ကြီးတွေဟာ လွတ်လပ်ရေးရကတည်းက လက်နက်စွဲကိုင်ပြီး သူပုန်ထတိုက်ပွဲဝင်နေခဲ့ကြပါတယ်။ ၁၉၄၈ ခုကစပြီး တစ်တိုင်းပြည်လုံး ငြိမ်းချမ်းတဲ့ ကာလရယ်လို့ မရှိခဲ့ပါဘူး။

အခု ကျမတို့ငြိမ်းချမ်းရေး ရရှိနိုင်တဲ့ အခွင့်အရေးနဲ့ ကြုံတွေ့နေပါပြီ။ ဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့နည်းနဲ့ ထာဝရငြိမ်းချမ်းရေးကို ရရှိနိုင်မယ်လို့ကျမတို့ ယုံကြည်ပါတယ်။ ကျမတို့ NLD ပါတီဟာ အကြမ်းမဖက်ဝါဒကို အစဉ်အမြဲယုံကြည်ကိုင်စွဲခဲ့ပါတယ်။ အကြမ်းမဖက်နည်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ပန်းတိုင်ကိုရောက်ရှိဖို့ ကျမတို့ မနေမနား ကြိုးစားနေပါတယ်။

RFA Burmese
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :