စည်းကမ်းပျက်တည်းခိုခန်းများ ဖောင်းပွနေမှု အထူးကိစ္စတရပ်အနေဖြင့် ဖြေရှင်းရန်လို


ရန်ကုန်မြို့တွင်းရှိ အချို့သောတည်းခိုခန်းများတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ခြင်းမရှိဟု ပြည်သူများအကြား ဝေဖန်မှုများထွက်ပေါ်နေပြီး စည်းကမ်းပျက်တည်းခိုခန်းများ ဖောင်းပွနေမှုကို အထူးကိစ္စတရပ်အနေနှင့် ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း မြောက်ဒဂုံမဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်က စက်တင်ဘာ ၁၄ ရက်တွင် News Watch သို့ ပြောသည်။

''မနေ့က မြောက်ဒဂုံမှာဖြစ်တဲ့ အသက် ၁၅ နှစ် ကလေးမလေးကိစ္စက ဘယ်လိုပုံစံနဲ့ ၀င်လာပြီး ဘယ်လိုတည်းခိုခန်းက လက်ခံတယ် မသိဘူး။ ဒါပေမဲ့ မြောက်ဒဂုံမှာ တည်းခိုခန်းတွေ အရမ်းများ နေတယ်။ အချို့ကလည်း သတ်မှတ်ထားတဲ့ မှတ်ပုံတင်ပါမှ၊ အသက်ပြည့်မှဆိုတဲ့ စည်းကမ်းတွေ မလိုက်နာ တာတွေလည်းရှိတယ်။ အခုအခြေအနေမှာ ဒီကိစ္စကို အထူးကိစ္စတရပ်အနေနဲ့ ဖြေရှင်းဆောင် ရွက်ဖို့လိုတယ်။ လူ့အဖွဲ့အစည်းကြီးထဲမှာ တည်းခိုခန်းကိစ္စဟာ ဖောင်းပွလာတယ်။ ဒါတွေကို စနစ်တကျ စိစစ်ပြီး ခွင့်ပြုပေးသင့်တယ်။ ခု အချို့တည်းခိုခန်းတွေက အသက်မပြည့်၊ မှတ်ပုံတင်မရှိလည်း ငွေတခုကိုပဲကြည့်ပြီး အကုန်လုပ်နေတယ်။ ဒီတည်းခိုခန်းတွေမှာလည်း မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ အခြားပြဿနာတွေရှိနေတော့ ဒီကိစ္စကို လွှတ်တော်မှာလည်း ဆွေးနွေးတာလေးတွေရှိမှာပါ''ဟု ၎င်းကဆိုသည်။

တည်းခိုခန်းများ စည်းကမ်းချိုးဖောက်မှုနှင့်ပတ်သက်၍ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှချပေးထား သည့် လိုင်စင်ဖြင့်တည်းခိုခန်းများကို တိတိကျကျတိုင်ကြားပါက စိစစ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ဆိုသည်။

''စည်းကမ်းချိုးဖောက်နေတဲ့ တည်းခိုခန်းက ကိုယ်တို့ဟိုတယ်နဲ့ ခရီးကလိုင်စင်ချထားပေးတာဆို အသက်မပြည့် တာတွေ၊ မှတ်ပုံတင်မပါတာတွေ၊ အချိန်ပိုင်းတည်းတာတွေရှိရင် တိတိကျကျတိုင်ကြားပါ။ ကိုယ်တို့ ထိန်းကျောင်းပေးရမယ်။ ဒီကိစ္စတွေကို ထိန်းချုပ်ရတာတော့ ခက်ပါတယ်''ဟု ၎င်းက ဆိုသည်။

စည်ပင်လိုင်စင်ဖြင့် လုပ်ကိုင်ခွင့်ရထားသည့် ဟိုတယ်နှင့်တည်းခိုခန်းများတွင် နိုင်ငံခြားသား ခရီးသွားဧည့် သည်များကို တည်းခိုနေထိုင်ခွင့်မပြုရန် ၀န်ကြီးဌာနက ညွှန်ကြားထားပြီး စည်ပင်လိုင်စင်ဖြင့် တည်းခိုခန်း များသည် Local အတွက်သာ တည်းခိုခွင့်ပြုရမည်ဖြစ်ကြောင်း၊ ၎င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် ယင်းကဲ့သို့သော ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းနှင့်မလိုက်နာသည့် တည်းခိုခန်းဟိုတယ်များကို တာဝန်ရှိ သူများအနေဖြင့် စိစစ်ခြင်းမရှိသေးကြောင်း ကျောက်တံတားမြို့နယ် အမှတ်(၂)ရပ်ကွက်အုပ် ချုပ်ရေးမှူးဦးဘုန်းကျော်မြင့်က ဆိုသည်။

''တည်းခိုခန်းတွေ စည်းကမ်းနဲ့ ညီညွတ်မှုရှိမရှိ စစ်ဆေးစိစစ်တာကျတော့ သီးခြားညွှန်ကြားချက်ကျမှ ရဲတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းစစ်ဆေးကြတာပေါ့။ ခုထိတော့ ကျွန်တော်တို့ ဒါမျိုးတွေ မစစ်ဆေးရသေးပါဘူး''ဟု ၎င်းကဆိုသည်။

''တည်းခိုခန်းတွေက မှိုလိုပေါက်နေတာ။ စိစစ်ကြပ်မတ်မှုပိုင်းမှာ အရမ်းအားနည်းနေတယ်။ ငွေရဖို့တခုပဲ ကြည့်နေကြတယ်။ ကျောင်းသူကျောင်းသားအရွယ်တွေ၊ အသက်မပြည့်သေးတဲ့သူတွေလာလည်း ပေးဝင် တာပဲ။ သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ သေချာကြပ်မတ်စိစစ်သင့်ပါတယ်''ဟု မြောက်ဒဂုံမြို့နေ ဒေါ်ခင်ဝင်းက ဆိုသည်။

လက်ရှိတွင် တက္ကသိုလ်ကောလိပ်များအနီးတွင်ပင် တည်းခိုခန်းများရှိနေပြီး ခွင့်ပြုပေးထားသည့် လိုင်စင်များကို ပြန်လည် စိစစ်ရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ်တဦးက မှတ်ချက်ပြုသည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အသက် (၁၅)နှစ်အရွယ် န၀မတန်းကျောင်းသူကို အွန်လိုင်းမှတွေ့ရှိ ချစ်ကြိုက်သူတဦးက မြောက်ဒဂုံရှိဟိုတယ်တခုတွင် သားမယားအဖြစ်ပြုကျင့်ခံခဲ့ရသည့်သတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ကြောင်း၊ တည်းခိုခန်းများအနေဖြင့် အသက်မပြည့်၊ မှတ်ပုံတင်မပါသည့်သူများကို တည်းခိုခွင့်မပေးသင့်ကြောင်းနှင့် စည်းကမ်းချိုးဖောက်၍ ငွေကြေးတခုသာကြည့်သည့် တည်းခိုခန်းများကို အရေးယူသင့်ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။

မောင်ထက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :