မိုးကောင်းမြို့နယ်တွင် တပ်မတော်စခန်းအား KIO/KIA လက်နက်ကိုင်အဖွဲ့က လာရောက် ပစ်ခတ် တိုက်ခိုက်


စက်တင်ဘာ ၁၇

ကချင်ပြည်နယ်၊  မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ၏ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာရှိ ပွိုင့် ၃၀၈ စခန်းအား စက်တင်ဘာလ (၁၇)ရက်နေ့ ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်ခန့်နှင့် ၅ နာရီခွဲခန့်တို့တွင် KIA လက်နက်ကိုင်အဖွဲ့မှ အင်အား ၄၀ ဦးခန့်သည် လက်နက်ကြီး/လက်နက်ငယ်များဖြင့် ၂ ကြိမ် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းရှိ တပ်မတော်သားများက ပြန်လည်ခုခံချေမှုန်းတိုက်ခိုက်ခဲ့သည့် အတွက်ရန်သူသည် နံနက် ၆ နာရီခွဲ ခန့်တွင် ထိခိုက်ကျဆုံးမှုများဖြင့် တောင်ဘက်နှင့်အနောက် တောင်ဘက်သို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။


အဆိုပါ နယ်မြေအတွင်း KIO/KIA လက်နက်ကိုင်အဖွဲ့က လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအား လုပ်ကိုင်ခွင့်မပြုခြင်း၊ ခြိမ်းခြောက်မောင်းထုတ်ခြင်း၊ မိုင်းထောင်ခြင်းများ ပြုလုပ်ဆောင်ရွက် လျက်ရှိသော်လည်း ဒေသခံတောင်သူလယ်သမားများအနေဖြင့် မိမိတို့မိရိုးဖလာလုပ်ကိုင် စားသောက်မှုဖြစ်သည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအား ဆက်လက်လုပ်ကိုင်ဆောင်ရွက်ခဲ့ရာ ၂၀၁၅ခုနှစ်တွင် ၇ ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ၂ ကြိမ်စုစုပေါင်း ၉ ကြိမ် မိုင်းထောင်ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သဖြင့် ကျေးရွာနေဒေသခံပြည်သူ ၄ ဦးသေဆုံး၍ ၁၀ ဦးဒဏ်ရာရရှိခဲ့သည်။ ၎င်းပွိုင့် ၃၀၈ စခန်းသည် ဆွတ်လျှံနယ်မြေအတွင်းတွင် တပ်စခန်းများ ဖွင့်လှစ်၍ ကာကွယ်စောင့်ရှာက်မှု ပြုလုပ်ပေးရန် ရွာသူ၊ရွာသားများက တိုင်းစစ်ဌာနချုပ်သို့ ဆန္ဒပြု တင်ပြတောင်းခံခဲ့သောကြောင့် တပ်မတော်မှ လုံခြုံရေးအရ တာဝန်ယူဆောင်ရွက်ပေးသည့် စခန်းတစ်ခုဖြစ်သည်။


တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူလူထုများ ၎င်းနယ်မြေအတွင်း မည်သည့်နေရာတွင်မဆို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လွတ်လပ်စွာ အေးအေးချမ်းချမ်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်၍ ဆက်လက်လုပ်ဆောင်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း - ဓါတ်ပုံ ။  ။ မြ၀တီ
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :