ကွတ်ခိုင်မြို့နယ်၌ ပစ်ခတ်မှုကြောင့် (၅) ဦး ဒဏ်ရာရရှိ
ဒီဇင်ဘာ ၅၊ ၂၀၁၆
ကွတ်ခိုင်မြို့နယ်၌ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ (၅) ဦး ဒဏ်ရာရရှိ
KIA/ TNLA/ MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒီဇင်ဘာ ၄ ရက် နံနက် ၆ နာရီ မိနစ် ၄၀ တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာနေ မအမ်သည် ပန်ဂျရော့ ကျေးရွာထိပ်ရှိ ပြောင်းခြံ၌ ပြောင်းချိုးနေစဉ် သေနတ်ကျည် ထိမှန်သဖြင့် ဝဲလက်မောင်း ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ပေါင် ယမ်းစဖေါက်ဝင် ဒဏ်ရာ၊ နမ့်ဖတ်ကာ ကျေးရွာနေ တာရှီဂွမ်းအောင် သည် ခါးယာဘက်၌ သေနတ်ကျည်ဆံဖေါက်ဝင်ဒဏ်ရာနှင့် ခိုမုန်း ကျေးရွာနေ ဒေါ်ထုဘု သည် နေအိမ်မီးဖိုဆောင်တွင် ထမင်းချက်နေစဉ် ယာ/ခါး အထက် ကျည်ဖေါက်ဝင်ဒဏ်ရာ ရရှိခဲ့ပြီး မူဆယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။
နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ကွတ်ခိုင်မြို့၊ ရပ်ကွက် (၅)၊ နယ်မြေ (၃) ရှိ ဦးစိုင်းထွန်းကြည်၏ နေအိမ် နှစ်ထပ်တိုက် ခေါင်မိုးပေါ်သို့ ၆၀ မမ လက်နက်ကြီး ကျည် ၁ လုံး၊ နယ်မြေ (၄) ရှိ ဦးကျော်နိုင်၏ နေအိမ်ခေါင်မိုးပေါ်သို့ ၆၀ မမ လက်နက်ကြီး ကျည် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။
အလားတူ ဦးထွန်းနိုင်၏ မြေစိုက်တဲ ရှေ့အဝင်တံခါးအနီး ၆၀ မမ လက်နက်ကြီး ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ အိမ်ရှေ့တွင် ထိုင်နေသည့် မနှင်းနှင်းဆွေသည် ဝဲလက်မောင်း/ ပခုံးစုတ်ပြဲဒဏ်ရာနှင့် မတင်ဇာဝေသည် ဝဲခြေခုံ လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။
ဒဏ်ရာရရှိသူ ၂ ဦးအား ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရာမှ မနှင်းနှင်းဆွေသည် စိုးရိမ်ရသဖြင့် လာရှိုးပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်၌ ထိတွေ့မှုဖြစ်ပွား၍ ယာဉ်ကြောပိတ်ဆို့ရာမှ ပုံမှန်ပြန်လည်သွားလာနိုင်
============================
ဒီဇင်ဘာ ၄ ရက် နံနက် ၆ နာရီ ၄၅ မိနစ်မှ ၇ နာရီခွဲအထိ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ ပြည်ထောင်စုလမ်းမကြီး ပန်ဂျရော့ပ် ကုန်းဆင်း မိုင်တိုင် (၂၅၂/၃-၆) အကြား တပ်မတော်ယာဉ်တန်းများ ဖြတ်သန်းစဉ် KIA/ TNLA/ MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့မှုဖြစ်ပွားစဉ် ယာဉ်ကျောခေတ္တပိတ်ဆို့ခဲ့ရာမှ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ယာဉ်ကြီး/ ယာဉ်ငယ်များ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း သိရသည်။
----
မုံးကိုးမြို့မှ စစ်ဘေးရှောင်ပြည်သူများအား သွားရောက်ကြိုဆို
============================
ဒီဇင်ဘာ ၄ ရက် မနက် ၁၀ နာရီခွဲတွင် မူဆယ်ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဝင်များသည် မုံးကိုးမြို့မှ စစ်ဘေးတိမ်းရှောင်လာသည့် ဝန်ထမ်း ၁ ဦး၊ ပြည်သူ ၁၀ ဦး စုစုပေါင်း ၁၁ ဦး တို့အား မူဆယ်မြို့ နန်းတော်ဂိတ်တွင် သွားရောက် ကြိုဆိုခဲ့ပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
----------
သွင်းကုန်/ ပို့ကုန် လုပ်ငန်းဆောင်ရွက်
============================
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ သွင်းကုန်/ ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် ပို့ကုန်ယာဉ် ၅၄၁ စီး၊ သွင်းကုန်ယာဉ် ၂၈၃ စီး၊ စုစုပေါင်း ၈၂၄ စီး ရှိခဲ့ရာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇ ဒဿမ ၅၇၈ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
-----------
KIA/ TNLA/ MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်
============================
နားဆော့ကျေးရွာနှင့် ပိန်းဆာ ကျေးရွာ ကြား ရေပူ ဂိတ်အနီး လားရှိုးမှ၊ သန္နီမြို့သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာသော တပ်မတော် ယာဉ်တန်းနှင့် လုံခြုံရေးကားများအား ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် KIA/ TNLA/ MNDAA လက်နက်ကိုင်ပူးပေါင်း အဖွဲ့များက လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရေပူဂိတ်အနီး ဈေးရောင်းနေသည့် မအေးမိုး (တင်ပါး ရှပ်ထိဒဏ်ရာ) နှင့် မောင်အောင်နိုင်ဦး ( ယာ/နားရွက် ရှပ်ထိဒဏ်ရာ) များ ရရှိခဲ့သောကြောင့် သိန္နီမြို့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။
------------
ကျန်ရှိနေသည့် စစ်ဘေးရှောင်များ
============================
KIA/TNLA/MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီထိ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အောင်မင်္ဂလာကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ ၄၆ ဦး၊ ကချင်ဘုရားကျောင်းတွင် ၁၃၈ ဦး၊ နမ့်ခွမ်ရွာ ဘုန်းတော်ကြီးကျောင်းတွင် သံဃာ ၈ ပါး၊ စိန့်ပီတာ ဘုရားကျောင်းတွင် ၄၅ ဦး၊ အထက (၂)၊ ဟိုမွန်တွင် ၁၃၈ ဦး နှင့် အမက (၄)၊ ဟိုမွန် တွင် ၅ ဦး၊ စုစုပေါင်း ၃၈၀ ဦး တို့ အသီးသီး ရောက်ရှိလျှက်ရှိပြီး တာဝန်ရှိသူများမှ စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
REF News မှသတင်းများကိုမိတ်ဆွေတို့၏Mobile Phone တွင်လွယ်ကူစွာဖတ်ရှု့နိုင်ဖို့
REF News Apkကို Download ရယူလိုက်ပါ။
Labels
ပြည်တွင်းသတင်း
Post A Comment
No comments :