ရှေးဟောင်းဘုရားစေတီများအတွင်း မဖွယ်မရာ ဓာတ်ပုံများမရိုက်ရန် သတိပေး


ရန်ကုန် ၊ ဒီဇင်ဘာ ၁၉။ ။ရှေးဟောင်းဘုရားစေတီများအတွင်း မဖွယ်မရာ ဓာတ်ပုံရိုက်ခြင်းများ မပြုလုပ်ရန် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတိပေးစာတစ်စောင်ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဘုရားဆင်းတုတော်ဖတ်၍ ရိုက်ထားသည့် ဓာတ်ပုံများ၊ ဘုရားဆင်းတုတော်များကို ခြေကန်ထားပြီး ရိုက်ထားသည့် ဓာတ်ပုံများသည် လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာများတွင် ပြန့်နှံ့ခဲ့သည်။

အဆိုပါ ဓာတ်ပုံများရိုက်ကူးခဲ့သူမှာ ဖိလစ်ပိုင်လူမျိုး ဓာတ်ပုံဆရာတစ်ဦးဖြစ်ပြီး ၎င်း၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက် ဖြစ်သော My metrophoto.com တွင် စက်တင်ဘာ ၂၁ ရက်က လွှင့်တင်ခဲ့ရာ မြန်မာလူမျိုးအချို့က ၀င်ရောက်ဝေဖန်ထားသည်ကို တွေ့ရသည်။

“ပြောရရင် အသိပညာပေးတဲ့သဘောပါ။ သောကြာနေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ သက်ဆိုင်ရာဂေါပကအဖွဲ့တွေကိုလည်း ညွှန်ကြားထားပြီးပါပြီ။ တကယ်လို့မဖွယ်မရာပြုလုပ်တာတွေ့ရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမှာပါ” ဟု ယင်းဝန်ကြီးဌာန ရှေးဟောင်းသုသေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး(စီမံ)ဦးဇော်ဇော်ထွန်းကပြောသည်။

အဆိုပါဝန်ကြီးဌာန၏ သတင်းပေးစာတွင် ရှေးဟောင်းအဆောက်အအုံများအတွင်းရှိ နံရံဆေးရေးပန်းချီများကို ပွတ်သပ်ကိုင်တွယ် ခြင်း မပြုလုပ်ရ ၊ နံရံဆေးရေးပန်းချီရှိသော ရှေးဟောင်းအဆောက်အအုံများအတွင်းတွင် ဓာတ်ပုံရိုက် ခြင်း၊ ဗီဒီယိုရိုက်ခြင်း၊ Flash မီးဖြင့် ဓာတ်ပုံ/ ဗီဒီယို/ ရုပ်ရှင်ရိုက်ခြင်း မပြုလုပ်ရဟု ဖော်ပြထားသည်။

ထို့အပြင် အဂါရ၀ဖြစ်စေမည့် ဘုရားဆင်းတုတော်များနှင့်တွဲဖက်ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်း၊ ဘုရားဆင်းတုများဘက်သို့ ခြေကန်ခြင်းမပြုလုပ်ရ ၊ ဘုရားပုံတော်နှင့် ကိုးကွယ်မှုဆိုင်ရာပုံတော်များအား ခန္ဓာကိုယ်တွင် ဆေးမှင်ကြောင်၊ တက်တူးထိုးခြင်း မပြုလုပ်ရ၊ စေတီရံများနှင့်ပစ္စယံဆင့်များ၊ ဘုရား၊ ပလ္လင်များပေါ်တက်ရောက်ခြင်း၊ အိပ်စက်ခြင်းများ မပြုလုပ်ရဟု ဖော်ပြထားသည်။

Written by ဆုမင်းကို
Hinthar Media Corporation

REF News မှသတင်းများကိုမိတ်ဆွေတို့၏Mobile Phone တွင်လွယ်ကူစွာဖတ်ရှု့နိုင်ဖို့
REF News Apkကို Download ရယူလိုက်ပါ။



BlockAdz
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :