ဘင်္ဂလားဒေ့ရှ်တွင် ဘွိုင်လာအိုး ပေါက်ကွဲမှုကြောင့် လူ ၂၀ ဦး သေဆုံး၊ လူ ၇၀ ကျော် ဒဏ်ရာရရှိ

မီးလောင်သွားသည့် အဆောက်အဦမှ ပြုတ်ကျလုနီး ဖြစ်နေသည့် ပိုက်လိုင်းအားစေတနာ့ ဝန်ထမ်းများနှင့် နေထိုင်သူများက မတင်ထားစဉ် (ဓာတ်ပုံ-အင်တာနက်)

    ဒါကာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ အစွန်အဖျား တွန်ဂီမြို့နယ်ရှိ အထည်ချုပ်လုပ်ငန်းသုံး ပစ္စည်းစက်ရုံ၌ စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းက ဘွိုင်လာအိုး တစ်လုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၂၀ ဦး သေဆုံးကာ လူပေါင်း ၇၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

အမည်မဖော်လိုသူ ရဲအရာရှိ၏ အဆိုအရ ထို ပေါက်ကွဲမှုသည် TEMPAC အထည်ချုပ် ဆက်စပ် ပစ္စည်းစက်ရုံ၌ ဒေသစံတော်ချိန် နံနက် ၇း၀၀ နာရီ ဝန်းကျင် အချိန်တွင် ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် သုံးထပ် စက်ရုံ အဆောက်အအုံသည် နာရီပေါင်းများစွာ မီးလောင်ကျွမ်းခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၁၁း၃၅ နာရီတွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယင်းနေရာ၌ သေဆုံးသူ ၁၀ ဦး၏ ရုပ်အလောင်းများအား ပြန်ရခဲ့ကြောင်း၊ အခြား သူများမှာမူ ဆေးရုံသို့ ရောက်ပြီး မကြာမီ ၎င်းတို့၏ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
ဒဏ်ရာရှိသူများသည် စိုးရိမ်ဖွယ် အခြေအနေ ဖြစ်နေသည့်အတွက် သေဆုံးသူ အရေအတွက်မှာလည်း ဆက်လက် မြင့်တက်ဖွယ် ရှိကြောင်း သိရသည်။

ထို ပေါက်ကွဲမှု၌ ဒဏ်ရာရသူ အားလုံးကို ဒေသခံ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ပွားရခြင်း အကြောင်းရင်းအား စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
စက်ရုံဘက်မှ ပြောရေးဆိုခွင့်ရှိသူကမူ လတ်တလော မှတ်ချက် တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိသေးပေ။ 

(Xinhua)
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :