မိုးညှင်းမြို့ တွင် မိုင်းကွဲမှုကြောင့် ဒေသခံနှစ်ဦးသေဆုံး


စက်တင်ဘာ ၁၇

ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ဘက် မြို့ရှောင်လမ်းနှင့် တစ်မိုင်ခန့်အကွာ နမ့်ဂျန်း(တောင်ယာသွားလမ်း) တွင် ယနေ့နေ့လည် ၁၂ နာရီ အချိန်ခန့်က မိုင်းပေါက်ကွဲမူကြောင့် ဒေသခံပြည်သူနှစ်ဦး သေဆုံးခဲ့ ကြောင်းသိရသည်။

အများပြည်သူ တောင်ယာသွားသည့် လမ်းဘေးတွင်ထောင်ထားသောမိုင်းပေါက်ကွဲခြင်းဖြစ်ပြီး အလောင်းကောက်သည့် အချိန်တွင် မပေါက်ကွဲသေးသော မိုင်းတစ်လုံးကိုလည်း တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရကြောင်း မေတ္တာမွန်လူမူကူညီရေးအသင်းတွဲဖက်အတွင်းရေးမှူး ကိုညီညီမြင့်က ရှမ်းနီအသံဂျာနယ်သို့ပြောကြားသည်။
“ မိုင်းကတော်တော်ပြင်းပါတယ်။ မြို့ထဲမှာတောင် မြေကြီးတုန်သွားတယ်။” ဟု မိုးညှင်းမြို့ပေါ်မှ ပြည်သူတစ်ဦးကပြောကြားသည်။

သေဆုံးသွားသူများမှာ အောင်သပြေ (၁) ရပ်ကွက်တွင်နေထိုင်သော ဦးမြင့်ဦး (၄၁ )နှစ် (ဘ) ဦးဌေးလှိုင် နှင့် ကိုမျိုးဝင်း (၃၀) နှစ်တို့ဖြစ်ကြကြောင်းလည်းသိရသည်။ ဖြစ်စဉ်ဖြစ်ပွားချိန် ဦးဌေးလှိုင်ပါဝင်သော်လည်း မစိုးရိမ်ရသော ဒဏ်ရာသာ ရရှိခဲ့ကြောင်းလည်း သိရသည်။
“ မိုင်းက ပေငါးဆယ်အကွာကနေ နှစ်လုံးဆက်တိုက်ပေါက်ကွဲတာပါ။ ရည်ရွယ်တာကတော့ တပ်ကိုရည်ရွယ်တာဖြစ်နိုင်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ KIA တပ်မဟာ ၈ ကို စစ်တပ်ကသိမ်းပြီးကတည်းက အဲ့ဒီမှာ ထိုင်ထားတာ ။ ရိက္ခာကို တစ်ပတ်တစ်ခါ သယ်တယ်လို့ပြောတယ်။ အဲ့ဒီလမ်းမှာဖြစ်တာပါ။” ဟု ကိုညီညီက သုံးသပ်ပြောကြားသည်။


မိုင်းပေါက်ကွဲသောနေရာအနီးဝန်းကျင်တွင် ဥယျာဉ်ခြံများနှင့် တောင်ယာများ ရှိကြောင်းလည်းသိရသည်။

သေဆုံးသူများ၏ ရုပ်အလောင်းအား မိုးညှင်းမြို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၊ အရံမီးသတ်တပ်ဖွဲ့ နှင့် မေတ္တာမွန်လူမူကူညီရေးအသင်းတို့က သွားရောက်သယ်ဆောင်ခဲ့ ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

အခင်းဖြစ်ပွားရာသို့ အစိုးရစစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျှက် ရှိကြောင်းလည်း သိရသည်။

Photo- Nyi Nyi Nyinyimyint Facebook
The Voice of Shan-Ni
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :