တက္ကသိုလ်ဝင်တန်းအောင်ပြီးသော အမျိုးသမီးငယ်လေးများ မိမိကိုယ်ကိုယ်ကာကွယ်နိုင်ရန် ကရာတေးအခြေခံသင်တန်းပို့ချ


အမျိုးသမီးငယ်လေးများ မိမိကိုယ်ကို ကာကွယ်နိုင်စေရန် ကရာတေးအခြေခံ(ရက်တို)သင်တန်း ပို့ချပေးနေ ကြောင်း သင်တန်းဖြစ်မြောက်ရေးတာဝန်ခံ ဦးရွှေလှိုင်က ပြောသည်။

''ခေတ်အရ တိုးတက်မြန်ဆန်လာတော့ သတင်းမျိုးစုံကို ကြားသိနေရတယ်။ မှုခင်းတွေက စိပ်လာတယ်။ ပိုဆိုး လာတာက မုဒိမ်းမှု၊ ဓားထောက်ခေါ်ဆောင်မှု အနိုင်ကျင့်ပစ္စည်းလုမှုတွေ ဖြစ်ပွားမှုများလာတယ်။ ဒါတွေ အတွက် ကာကွယ်နိုင်အောင် တုံ့ပြန်နိုင်အောင် ရည်ရွယ်တာဖြစ်တယ်။ အသက် (၁၆)နှစ်ကနေ (၂၀)နှစ် အတွင်း မည်သူမဆိုတက်ခွင့်ရှိတယ်။ အခမဲ့သင်ကြားပေးနေတယ်။ မိန်းကလေးတိုင်း တက်သင့်တဲ့ သင်တန်း လေးပါ''ဟု သင်တန်းတာဝန်ခံဦးရွှေလှိုင် (ခ) ဦးကျောက်ခဲက ပြောသည်။

လက်ရှိတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသော အမျိုးသမီး ၂၅ ဦးအား သင်တန်းပို့ချပေးလျက်ရှိသည်။ အခြားအမျိုးသမီးငယ်များလည်း သင်တန်းတက်ရောက်နိုင်ကြောင်းနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးလျှင် တက္ကသိုလ်တက်ရောက်ရာ၌ ကျောင်းများသည် မြို့ပြင်၌သာရှိ၍ အန္တရာယ်ကြုံတွေ့နိုင်သောကြောင့် သင်တန်းကို တက်ရောက်သင့်ကြောင်း ၎င်းက ပြောသည်။

''အမျိုးသမီးလေးတွေက ဖြစ်ပွားခဲ့သမျှ ပြစ်မှုတွေရဲ့ ပစ်မှတ်ပုံစံလိုဖြစ်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ် နိုင်ရန်အတွက် ဒီသင်တန်းကို တက်ဖြစ်တာပါ။ ယုံကြည်မှုရှိရင် ထွက်လမ်းကိုတော့ ရှာတွေ့နိုင်မှာဖြစ်သလို ဘာမှမတတ်ထားရင် သူတို့ကြိုးဆွဲရာ လိုက်ပါရမှာဖြစ်ပါတယ်။ ဒီအတွက် သင်တန်းတက်ရောက်သင့် တယ်ထင်လို့ပါ''ဟု သင်တန်းသူတဦးကပြောသည်။ ၎င်းသင်တန်းတွင် ကရာတေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မြန်မာ့လက်ရွေးစင်အားကစားသမား ဒေါ်နွေးနွေးဇော်ဝင်းမှ သင်ကြားပို့ချပေးပြီး သင်တန်းကာလအား တလသတ်မှတ်ကာ ဒလမြို့နယ် ဗိုလ်တေဇအားကစားခန်းမတွင် စာရင်းပေးနိုင်ကြောင်း သိရသည်။

ကျော်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :