ယာဉ်လိုင်းများ အချင်းချင်းမကြာခဏ ရန်ဖြစ်ရိုက်နှက်မှုများကြောင့် ခရီးသည်များ စိုးရိမ်မှုများလာ


ရန်ကုန်မြို့တွင်း မောင်းနှင်နေသည့် မော်တော်ယာဉ်လိုင်းများတွင် တုတ်၊ ဓား စသည့် လက်နက်များ တင်ဆောင်ထားမှု များရှိပြီး ယာဉ်လိုင်းအချင်းချင်း ယာဉ်လုပ် သားများနှင့် ခရီးသည်များအကြား ရန်ဖြစ် ရိုက်နှက်မှုများ မကြာခဏဖြစ်ပွားမှုကြောင့် ခရီးသွားပြည်သူများ စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိသည်။

''လိုင်းကားသမားတွေ့က ရန်ကုန်မှာကြီးစိုးနေတယ်။ တခုခုဆိုရိုက်မယ်၊ နှက်မယ် ဥပဒေမဲ့နေတဲ့အတိုင်း ဖြစ်နေတာ ကြာပြီ။ ခုနောက်ပိုင်း ပိုဆိုးလာတယ်။ ခရီး သည်တွေအတွက်ပါ အသက်အန္တရာယ်ရှိ ပါတယ်'' ဟု မြောက်ဒဂုံမှ ဆူးလေသို့ နေ့စဉ်အလုပ်ဆင်းနေရသည့် ကိုအောင်ဇင်က ဆိုသည်။

ရန်ကုန်မြို့တွင်း ယာဉ်လိုင်းများတွင် တုတ်၊ ဓား အစရှိသည့် လက်နက်များ မတင်ဆောင်ရန် မထသ (ဗဟို) နှင့် ယာဉ် ထိန်းရဲတပ်ဖွဲ့က သတိပေးထားပြီး စစ်ဆေး မှုများ ပြုလုပ်နေသော်လည်း ပုဂ္ဂလိက ကိုယ်ပိုင်ယာဉ်များ၊ အငှားကားများနှင့် လိုင်း ကားများ အချင်းချင်းရန်ဖြစ်ရိုက်နှက်မှုများရှိနေကြောင်း သိရသည်။ ယင်းကဲ့သို့ ရန် ဖြစ်ရိုက်နှက်မှုများနှင့် ပတ်သက်၍ မထသ (ဗဟို) အနေဖြင့် အရေးယူဆောင်ရွက်နိုင် မည်မဟုတ်ဘဲ စစ်ဆေးတားဆီးမှုများသာ ပြုလုပ်နိုင်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။

''မထသမှာ ယာဉ်လိုင်းတွေအတွက် သတ်မှတ်ထားတဲ့ အချက် ၁၃၈ ချက်ရှိတယ်။ ရန်ဖြစ်ရိုက်နှက်ကြတယ်ဆိုတဲ့ကိစ္စမှာ ရာဇ၀တ်ကြောင်းအရ ဥပဒေအရပဲ သူတို့ ရင်ဆိုင်ရပါမယ်။ ခုလိုမဖြစ်ပွားရေးအတွက် မထသတွေအနေနဲ့ ဇန်န၀ါရီလကစပြီး ၄ လစီမံချက်နဲ့ ထုတ်တွေ၊ သံတုတ်တွေအားလုံးကို စစ်ဆေးသိမ်းဆည်းပါတယ်။ ဒီကိစ္စက လိုင်းကားတခုတည်းတင်မဟုတ်ဘဲ ပုဂ္ဂလိကကားတွေမှာလည်း တင်ကြတယ်'' ဟု ဦးလှအောင်က ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းတွင် ၈၈ အစိမ်းမှ ယာဉ်မောင်းစပယ်ယာတို့နှင့် ခရီးသည်နှစ်ဦးတို့ ရန်ဖြစ်ရိုက်နှက်မှုများ ရှိခဲ့ကြောင်း၊ ၄၈ အထူးနှင့် ပုဂ္ဂလိကကား တစီးမှ ကားသမားများ စကားများဆဲဆိုရာမှ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း၊ ယခုလ အတွင်း ၁၈၈ ရွှေအင်းဝလိုင်းကားနှစ်စီးမှ ကိုယ်ပိုင်ယာဉ်မောင်းတဦးကို ရိုက်နှက်ကြ သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လိုင်းကားများပေါ်တွင် တုတ်နှင့် အခြားလက်နက်များ တင်ဆောင်ခြင်းကို ဂိတ်တွင် စစ်ဆေးခြင်းများရှိသကဲ့သို့ ဂိတ်က ထွက်လာသည့်ကားများကိုလည်း မထသနှင့် ယာဉ်ထိန်းအဖွဲ့ ၁၆ ဖွဲ့တို့ဖြင့် စစ်ဆေးနေသည်ဟုဆိုသော်လည်း တုတ်လက်နက်များတင်ဆောင်၍ ရန်ဖြစ်ရိုက်နှက်မှုများရှိနေခြင်းကြောင့် ယင်းကဲ့သို့သော ကားဒရိုင်ဘာ၊ စပယ်ယာများကို ထိထိရောက်ရောက် အရေးယူရန်လိုကြောင်း အငှားယာဉ်မောင်းကိုလူမွှေးက မှတ်ချက်ပြုသည်။

လိုင်းကားသမားများကြားတွင် ရန်ဖြစ်ရိုက်နှက်ခြင်းဘာမဟုတ်ဘဲ ခရီးသည်များကို မချေမငံပြောခြင်း ရိုင်းပြစွာ ဆက်ဆံခြင်း၊ ကားအပိုတောင်းခြင်း ပြဿနာများမှာ ဖြစ်ပွားနေဆဲဖြစ်ပြီး သြဂုတ်လ တလတည်းတွင်ပင် မထသ (ဗဟိုသို့) တိုင်ကြားမှု ၂၀၅ မှုရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အချို့သော ယာဉ်လိုင်းများ၌ ယာဉ်မောင်းမှတ်ပုံတင်မရှိသည့် ယာဉ်လုပ်သားများ၊ စပယ်ယာများလည်းရှိနေပြီး ယင်းကိစ္စများကို စိစစ်နေဆဲဖြစ်ကြောင်း ဦးလှအောင်က ဆိုသည်။ လက်ရှိတွင် ခရီးသည်နှင့် ယာဉ်လိုင်းများအကြား အဖြစ်အများဆုံး ပြဿနာမှာ ယာဉ်စီးခပိုတောင်းသည့် ပြဿနာဖြစ်ပြီး ယာဉ်စီးခပိုတောင်းသည့် ယာဉ်မောင်းနှင့် စပယ်ယာတို့ကို ဒဏ်ငွေ ၃ သောင်းနှင့် အလုပ်တလပိတ်သိမ်းသည် အထိအရေးယူမှုရှိကြောင်း မထသ(ဗဟို)မှ သိရသည်။

မောင်ထက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :