ဗျူဟာ ထိုင်ထားသည့် ရသေ့တောင်မြို့နယ် ရေစိုးချောင်းတွင် ဗုံးကွဲ


နိရဉ္စရာ၊ စက်တင်ဘာ ၁၉

ဗျူဟာထိုင်ထားသော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေစိုးချောင်းဆိပ်ကမ်း ဖောင်တော်တွင် စက်တင်ဘာလ (၁၉)ရက်နေ့ ယနေ့ နံနက် ၅ နာရီခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း သတင်း ရရှိသည်။

၎င်းဗုံးမှာ ရေစိုးချောင်းကျေးရွာတွင် အခြေစိုက်ထားသော ဗျူဟာရုံးမှ ဗျူဟာမှူး ခရီးထွက်ရန်အတွက် ရှေ့ပြေး လုံခြုံရေး ကင်းယူထားသည့် စစ်သားများ ရောက်ရှိလာစဉ် ပေါက်ကွဲခြင်း ဖြစ်ကြောင်း ရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ နံနက် ၅ ကျော်ကျော်လောက်မှာ ပေါက်ကွဲသံကို ကြားရပါတယ်။ ဗျူဟာမှူးက မြို့ကို ခရီးထွက်မယ်အတွက် စစ်သားတွေ လုံခြုံရေး ရှေ့ပြေးကင်းယူဖို့ ဆင်းလာစဉ်မှာ ပေါက်ကွဲတာပါ။ စစ်သားတွေထိခိုက်တာတော့ မရှိပါဘူး။ ဗျူဟာမှူးလည်း ထိခိုက်တာ မရှိပါဘူး” ဟု ရွာသားက ပြောကြားသည်။

ဗုံးပေါက်ကွဲပြီးနောက် စစ်သားများက ရေစိုးချောင်းရွာတွင် တစ်အိမ်တက်ဆင်း ရှာဖွေမှုများ ပြုလုပ်နေသဖြင့် ရွာသားများအနေဖြင့် အထူးစိုးရိမ်နေကြကြောင်း သူက ဆက်လက် ပြောကြားသည်။

“ အဖမ်းအဆီးတော့ မရှိသေးပါဘူး။ ရွာထဲကို ၀င်ပြီးတော့ ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။ ရွာသားတွေကတော့ ဖမ်းဆီးမှုတွေ ရှိမှာကို စိုးရိမ်နေကြပါတယ်။ ဘယ်သူထောင်ထားတဲ့ ဗုံးဆိုတာလည်း ကျွန်တော်တို့ မသိဘူး။ ပေါက်တာကတော့ အသံတော်တော်ကျယ်ပါတယ်” ဟု ပြောဆိုသည်။

၎င်းဗုံးမှ ဆိပ်ကမ်း ဖေါင်တော်အောက်က ပေါက်ကွဲခြင်း ဖြစ်ကြောင်း ရွာသားများက ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ ဖြေကြားမည့်သူ မရှိသဖြင့် အတည်ပြုချက်ရယူရန် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

Narinjara
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :