ကျွန်းစုမြို့နယ်ရှိ ဂဏန်းမွေးမြူရေးကန်၌ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရ


မြိတ်မြို့ အင်းလေးမြိုင် စက်မှုဇုန် တဖက်ကမ်း ကျွန်းစုမြို့နယ်ပိုင် ဂဏန်းမွေးမြူရေး ကန်ရှိ အလုပ်သမား များသည် မိမိတို့ ရသင့် ရထိုက်သော အလုပ်သမားအခွင့် အရေးများ မရရှိကြပဲ ချိုးဖောက်မှုခံနေရကြောင်း အလုပ်သမားများမှ ပြောကြားသည်။

၂၄ နာရီကို ၂ ဆိုင်းနှင့် အလုပ် လုပ်ရတော့ လူတစ်ယောက် တနေ့ အလုပ်ချိန်ဟာ ၁၂ နာရီဖြစ်နေတယ်။ နေ့တိုင်းအဲလိုပဲ။ (OT)ကြေးက တစ်နာရီကို ၅၀၀ကျပ်ပဲပေးတယ်။ တစ်ဝက် လောက် ခေါင်းပုံဖြတ်ခံနေရတယ်။ ဟုအသက် ၃၀ ခန့်ရှိသူ ယင်းအလုပ်သမားက ပြောသည်။

အဆိုပါဂဏန်းမွေးမြူရေးကန်၌ ထိုင်းနိုင်ငံသား ၄ ဦးနှင့် မြန်မာအလုပ်သမား ၄၀၀ ကျော်ခန့်ရှိပြီး ဂဏန်းပျော့များကို အေးခဲကာ နိုင်ငံခြားသို့ တင်ပို့ရောင်းချနေသော ကုမ္ပဏီတခု ဖြစ်သည်။


ပြီးခဲ့တဲ့ လဝက်လောက်က အလုပ်သမား ကောင်လေးတယောက် ရေစီးသန်တဲ့ ချောင်းထဲမှာ ဂဏန်းထည့်တဲ့ ပုံးကို ဆေးကြောနေတုန်း အဲဒီပုံးမျောပါသွားတယ်။ ဒီနေ့ လစာထုတ်တော့ ပုံးအတွက် ၃ သောင်း အဖြတ်ခံရတယ်။ ပုံးရဲ့ ပေါက်ဈေးက (၉၅၀၀)ကျပ် ပဲရှိတယ်။ မတရားကြီးကို ဖြစ်နေတယ် ဟု အထက်ပါ အလုပ်သမားက ဆက်၍ ပြောသည်။

၁၉၃၆ ခုနှစ် မြန်မာနိုင်ငံ လုပ်ခပေးရေး အက်ဥပဒေ ပုဒ်မ၇(၂)၌ အလုပ်ခွင် အတွင်း မတော်တဆပျက်စီး ဆုံးရှုံးမှု အတွက် ဒဏ်ငွေအား (၁)ကျပ်တွင် (၃)ပြားသာ တရားဝင် ဖြတ်တောက်ရမည် ဖြစ်ပြီး အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန၏ ခွင့်ပြုချက် ရယူရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆယ်စုနှစ် တခုကျော် သက်တမ်းရှိပြီး သီးသန့် ဆန်သော ကျွန်းဖြစ်၍လည်း အလုပ်သမားများ အပေါ် ဥပဒေ သက်ရောက်မှု အားနည်းကြောင်း ၄င်းတို့ကဆိုသည်။

၁နှစ် ၂နှစ်ကြာလို့မှ ဌာနဆိုင်ရာတွေ မရောက်တဲ့ နေရာပါ။ တပြည်လုံး ပြောင်းလဲနေပြီလို့ အော်နေ ကြတယ်။ ကျနော်တို့ဆီမှာ လုံးဝမပြောင်းလဲ သေးပါဘူး။ သက်ဆိုင်ရာ လူကြီးတွေ လာစစ် ပေးပါလို့ ပြောချင်တယ်။ ဟု ၄င်းအလုပ်သမား က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ နယ်၌ ဂဏန်းပျော့ မွေးမြူရေးကန်၂ ခုနှင့် မြိတ်တဖက်ကမ်း ကျွန်းစု မြို့နယ်၌ ၂ ခုရှိပြီး အအေးခန်း စက်ရုံများမှ တဆင့် ထိုင်း မလေးရှားနှင့် ဟောင်ကောင် ၊ ထိုင်ဝမ် စသော နိုင်ငံများသို့ တင်ပို့ ရောင်းချနေကြောင်း စက်ရုံ အသိုင်းအဝိုင်းမှ သိရသည်။

ရဲရင့်
တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :