တာမွေပြီးလျှင် တောင်ညွန့်၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင်မှာ ကျူးများကို အဆင့်ဆင့် ဖယ်ရှားမည်


ရန်ကုန်တိုင်းဒေသကြီးအတွင်း နေအိမ်ရှေ့လမ်းမပေါ်တွင် အခိုင်အမာကျူးကျော်ဆောက်လုပ်နေမှုများ၊ အမိုးအဖီများ ကျူးကျော်ဆောက်လုပ်နေမှုများကို စည်ပင်ဥပဒေဖြင့် အရေးယူမှုကို တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်တွင် စတင်ပြီဖြစ်ကြောင်း တောင်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းထွဋ်က စက်တင်ဘာ ၈ ရက်တွင် ပြောသည်။

ယင်းရပ်ကွက် နေအိမ်ရှေ့ရှိ လမ်းမပေါ်တွင် အခိုင်အမာကျူးကျော်ဆောက်လုပ်နေမှုများ၊ အမိုးအဖီကျူးကျော် ဆောက်လုပ်ထားသော ဆိုင်ခန်းများအား ဖျက်သိမ်းပေးရန် စက်တင်ဘာလဆန်းပိုင်းက နို့တစ်စာများပေးပို့ထားပြီး သက်ဆိုင်ရာ စည်ပင်ဝန်ထမ်းများကလည်း လိုက်လံသတိပေးမှုများ ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။
''သူတို့အသိစိတ်ဓာတ်နဲ့ဖျက်ဖို့ သတိပေးတာပေါ့။ လာမယ့်တပတ်ကျရင် မဖျက်သိမ်းဘဲ ကျန်တဲ့လူတွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်မယ်။ ဖျက်ဖို့ ပြောမယ်။ အဲဒါမှ မဖျက်ဘဲ တင်းခံနေမယ်ဆိုရင် စည်ပင်ဥပဒေ ပုဒ်မ ၆၈၊ ၆၉ တို့နဲ့ အရေးယူမယ်။ တရားစွဲတာတွေလုပ်မယ်''ဟု ဦးအောင်သန်းထွဋ်က News Watch သို့ ပြောသည်။

တာမွေမြို့နယ် ပုသိမ်ညွန့်ရပ်ကွက်နှင့် ကျားကွက်သစ်ရပ်ကွက်တို့တွင် ဆောင်ရွက်ပြီးစီးပါက ဆက်စပ်မြို့နယ် များဖြစ်သည့် မင်္ဂလာတောင်ညွန်မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ပုဇွန်တောင်မြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်တို့တွင်လည်း နောက်ဖေးလမ်းကြား ကျူးကျော်အဆောက်အအုံများရှင်း လင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါကျူးကျော်အဆောက်အအုံများသည် ယခင်အစိုးရလက်ထက်ကတည်းက မရှင်းလင်းနိုင်ခဲ့သည့် ပြဿနာဖြစ်ပြီး ၂၀၁၃ စည်ပင်ဥပဒေအရ တိတိကျကျ အရေးမယူခဲ့သည့်အတွက်ကြောင့် ယခုကဲ့သို့ နေအိမ်ရှေ့ရှိ လမ်းမများပေါ်တွင် ကျူးကျော်အဆောက်အအုံများ များပြားလာရခြင်းဖြစ်ကြောင်းနှင့် ဥပဒေအရသေသေချာချာကိုင်တွယ်ပြီး ဒဏ်ကြေးများသတ်မှတ်၍ အရေးယူသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။

ယင်းသို့ အရေးယူမှုများသည် စီမံချက်ဖြင့် ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ယခင်ကတည်းကရှိခဲ့သည့် စည်ပင်ဥပဒေဖြင့်သာ မြို့နယ်အလိုက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :