ပုဇွန်တောင်မြို့နယ်တွင် နောက်ဖေးလမ်းကြား ပစ္စည်းပုံသည့် စီးပွားရေးလုပ်ငန်းရှင် ၇ ဦးကို စည်ပင်မှ ဒဏ်ရိုက်


ပုဇွန်တောင်မြို့နယ်အတွင်းရှိ နောက်ဖေးလမ်းကြားတွင် ခွင့်ပြုနယ်နိမိတ်ကို ကျော်လွန်၍ စည်းကမ်းနဲ့ပစ္စည်းများစုပုံထားသော ကန်ထရိုက်လုပ်ငန်းများနှင့် စားသောက်ဆိုင်လုပ်ငန်း ၇ ခုကို ဒဏ်ရိုက်အရေးယူခဲ့ကြောင်း ပုဇွန်တောင်မြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

ယင်းဌာနမှ စက်တင်ဘာ ၁၀ ရက်နေ့အထိ ကန်ထရိုက်ဆောက်လုပ်ရေးလုပ်ငန်း ၅ ခုနှင့် စားသောက်ဆိုင်လုပ်ငန်း ၂ ခုတို့ကို အရေးယူဒဏ်ရိုတ်ခဲ့ပြီး ယင်း စီးပွားရေးလုပ်ငန်းများမှာ ၄၉ လမ်းမှ ၂ ခု ၊ ၅၁ လမ်းမှ ၂ ခု၊ ရေကျော်ရပ်ကွက်မှ ၃ ခုတို့ဖြစ်ကြောင်း ၄င်းကပြောသည်။
“နောက်ဖေးလမ်းကြားမှာ စည်းကမ်းမဲ့အမှိုက်စုပုံထားလို့ပါ။ ဒါတွေက အရင်ကတည်းကလည်း ခွင့်မပြုဘူး၊ ဆောက်လုပ်ရေးတွေက အမှိုက်တွေစုပုံထားတာ။ အခုဝင်ရှင်းလိုက်တော့ လုပ်ငန်းခွင်က လုပ်ငန်းသုံးအမှိုက်တွေ၊ စားသောက်ဆိုင်က အမှိုက်တွေ စုပုံထားတာတွေ့လို့ပါ '' ဟု အဆိုပါဌာနမှ သန့်ရှင်းရေးတာဝန်ခံ ဦးသန်းထိုက်အောင်က News Watch သို့ စက်တင်ဘာ ၁၀ ရက်တွင် ပြောသည်။

နောက်ဖေးလမ်းကြားတွင် စည်းကမ်းမဲ့အမှိုက်စုပုံထားသော ကန်ထရိုက်လုပ်ငန်းတခုအတွက် ဒဏ်ကြေး ၃သောင်း၊ စားသောက်ဆိုင်လုပ်ငန်းအတွက် ဒဏ်ကြေး ၁ သောင်း အသီးသီး ဒဏ်ရိုက်အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စည်းကမ်းမဲ့ အမှိုက်ပစ်ချမှုအတွက် ပညာပေးအဖြစ် ဆောက်ရွက်ခဲ့ခြင်းဖြစ်ပြီး ပညာပေးကာလအလွန်တွင် ဒဏ်ကြေးတိုးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက် ၁၀ ခုရှိပြီး စက်တင်ဘာ ၁၁ ရက်နေ့အထိ ရပ်ကွက် ၆ ခု၏ နောက်ဖေးလမ်းကြားအမှိုက်များကို ရှင်းလင်းခဲ့ကြောင်း ရပ်ကွက် ၁ ခုမှာ နောက်ဖေးလမ်းကြားမရှိသည့်အတွက် ကျန်ရှိနေကြောင်းနှင့် ရပ်ကွက် ၃ ခုအား ရှင်းလင်းမှု ၂ ပတ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်က ပြောသည် ။

လင်းလင်းအောင်
News Watch
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :