ရှမ်းပြည်တပ်မတော်ခွဲထွက် တပ်မဟာ(၇၅၈)မှ အဖွဲ့ခေါင်းဆောင် တစ်ဦး လုပ်ကြံ သတ်ဖြတ်ခံရ


အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ၀မ်ပန်ကျေးရွာအခြေစိုက် ရှမ်းပြည်တပ်မတော်ခွဲထွက် တပ်မဟာ(၇၅၈)မှ အဖွဲ့ခေါင်းဆောင် တစ်ဦး စက်တင်ဘာ(၈)ရက်နေ့ ညပိုင်းက လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း လဲချားမြို့မရဲစခန်းမှ သိရသည်။


လုပ်ကြံသတ်ဖြတ်ခံရသူမှာ တပ်မဟာ(၇၅၈)မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး အဆင့်ရှိ ဦးစိုင်းထွဋ်ဖြစ်ပြီး ၀မ်ပန်ကျေးရွာ အနောက်ဘက်ရှိ ဦးကာဝိန်၏ နေအိမ်သို့ သွားရောက်လည်ပတ်စဉ် ပြောက်ကျားဝတ်စုံ ၀တ်ဆင်ထားသော လက်နက်ကိုင်(၂)ဦးမှ သေနတ်ဖြင့် ပစ်ခတ်၍ လုပ်ကြံသွားခြင်းဖြစ်ကြောင်း သိရသည်။
"အိမ်ပိုင်ရှင် ဦးကာဝိန်ရဲ့ အိမ်ကို သူကားနဲ့သွားလည်တာ ဟိုရောက်တော့ အိမ်ရှင်လင်မယားနဲ့ စကားပြောနေတုန်း ပြောက်ကျားဝတ်လူ(၂)ယောက်က၀င်လာပြီး ပစ်ခတ်တာ အိမ်ပိုင်ရှင် လင်မယားက ထွက်ပြေးတာလွတ်တယ် မနက်ကျမှပြန်လာတော့ ဦးစိုင်းထွဋ်က သေနေပြီ အခုတော့ ပစ်ခတ်သွားတဲ့သူတွေကို ဆက်လက်စုံစမ်းရှာဖွေနေတုန်းပါ"ဟု လဲချားမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှပြောသည်။


သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် တပ်မဟာ(၇၅၈)မှ အဖွဲ့ခေါင်ဆောင် ဗိုလ်မှူးကြီး စိုင်းထွဋ်မှာ ၀ဲဘက်ရင်အုံတွင် သေနတ်ဒဏ်ရာ(၂)ချက်၊ ယာဘက်ရင်အုံတွင် သေနတ်ဒဏ်ရာ(၁)ချက်၊ ၀မ်းဗိုက်တွင် သေနတ်ဒဏ်ရာ(၈)ချက်၊ ၀ဲပေါင်ရင်းတွင်(၁)ချက်၊ ယာဘက်လက်တွင် (၂)ချက် စုစုပေါင်း သေနတ်ဒဏ်ရာ(၁၄)ချက်ဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


တပ်မဟာ(၇၅၈)မှ အဖွဲ့ခေါင်ဆောင် ဗိုလ်မှူးကြီး စိုင်းထွဋ်အား သေနတ်ဖြင့် ပစ်ခတ်သွားသည့် ပြောက်ကျားဝတ်စုံ ၀တ်ဆင်ထားသည့် အမည်မသိ လက်နက်ကိုင်(၂)ဦးအား လဲချားမြို့မရဲစခန်းမှ (ပ)၂၃/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှမ်းပြည်တပ်မတော်(SSPP/SSA)၊ နယ်မြေခံပြည်သူ့စစ်အဖွဲ့များ၊ ရှမ်းပြည်တပ်မတော်မှ ခွဲထွက်အဖွဲ့ငယ်များနှင့် ပအိုဝ့်လက်နက်ကိုင်တပ်ဖွဲ့များရှိပြီး ယခုအခင်းဖြစ်ပွားသည့် ၀မ်ဟိုင်းကျေးရွာအုပ်စု၊ ၀မ်ပန်ကျေးရွာမှာ ရှမ်းပြည်တပ်မတော်(ခွဲထွက်) တပ်မဟာ(၇၅၈) အခြေစိုက်နယ်မြေဖြစ်ကြောင်း သိရသည်။

သတင်း - ဟံနိုင်
ဓာတ်ပုံ - လဲချားမြို့မရဲစခန်း
Tachileik News Agency
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :