မိကျောင်းတစ်ကောင် ချောင်းဘေးရှိ ဘဲခြံများမှ ဘဲများကို ကိုက်သတ်စားနေ


ဘိုကလေး စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ဆတ်ကျွန်း ကျေးရွာ အုပ်စု မြင်းကအုပ်ကျေးရွာ ငါးပိချောင်း ရေကျော်ချောင်းအတွင်း စက်တင်ဘာ ၁၂ ရက်က လူတစ်ဦးနှင့် ဘဲနှစ်ကောင်ကိုက်သတ်မှုဖြစ်ပွားပြီး နောက် စက်တင်ဘာ ၁၇ ရက်က လက်ဝဲကွဲချောင်း၌ နေထိုင်သည့် လယ်လုပ်ဘဲမွေးသူ ဦးချစ်ရွှေ (၅ဝ နှစ်) နေအိမ်ရှိ ဘဲခြံမှဘဲများကို မိကျောင်းတစ်ကောင်က ကိုက်သတ်စားခဲ့ကြောင်း သိရသည်။

''လူတွေ နိုးလာပြီး ခြောက်လှန့်မောင်းထုတ်လို့ တလင်းကုန်းဘက် ကျွဲထားရာနေရာကို ရောက်သွား တယ်။ ကျွဲကိုတော့ မကိုက်သွားပါဘူး။ နံနက်လင်းလို့ သွားကြည့်တော့ တလင်းကုန်းဘက်ကပတ်ပြီး ရေထဲ ကို ပြန်ဆင်းသွားတဲ့ စွတ်ကြောင်းရာကြီးကို တွေ့ရတယ်'' ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် စက်တင်ဘာ ၁၈ ရက် ညနေ ၅ နာရီခွဲက ဆတ်ကျွန်းကျေးရွာအုပ်စု မြင်းကအုပ်ကျေးရွာမှ ဦးသိန်းဝင်း၏ ဇနီး ဒေါ်ရီစန်း ချောင်းထဲ၌ ရေခပ်နေစဉ် မိကျောင်း တစ်ကောင် ကောနေသောရေမြောင်းထဲမှ တက်လာသည် ကို တွေ့ရှိ၍ ကြောက်လန့်တကြားထွက်ပြေးပြီး နာရေးအိမ် သို့ရောက်နေသည့် ဦးသိန်းဝင်းကို အော်ခေါ်ကြောင်း၊ ၄င်းပြန်ရောက်လာစဉ် မိကျောင်းမှာ လူသံကြား၍ ရေထဲသို့ ပြန်ဆင်းသွားကြောင်း သိရသည်။ အလားတူ စက်တင်ဘာ ၁၉ ရက် နံနက် ၂ နာရီက အဆိုပါ မိကျောင်းမှာ မြင်းက အုပ်ကျေးရွာ ဦးရဲဝင်းနေအိမ်မှ ဘဲများကို လာရောက်ဆွဲစားရာ ဘဲနှစ်ကောင်ပါသွားပြီး တစ်ကောင်မှာ ဒဏ်ရာများဖြင့် ကျန်ရစ်ခဲ့ကြောင်း သိရသည်။

''ကျောင်းသားမိဘတစ်ဦးအနေနဲ့ ကလေးတွေ လှေနဲ့ ကျောင်းသွားတက်ဖို့ အခက်တွေ့စေတဲ့အပြင် ကျွန်တော်တို့လို လူကြီးတွေမှာလည်း မသွားရဲမလာ ရဲလောက်အောင် ဖြစ်နေတယ်။ ညဘက်ဆိုရင် လှေနဲ့ ချောင်းရိုးထဲ မအိပ်ရဲတော့လို့ အိမ်ပေါ်တက်ပြီး အိပ်ရတယ်'' ဟု ချောင်းရိုး တစ်လျှောက် လှေဖြင့် ကုန်စိမ်းလိုက်ရောင်းသော ဈေးသည် တစ်ဦးက ပြောသည်။

ဌေးနိုင်(ဘိုကလေး)
MOI Webportal Myanmar
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :