ISတို့ထိန်းချုပ်ထားသည့်မြို့မှ ထွက်ခွာလာစဉ် ဗုံးပေါက်ကွဲမှုကြောင့် မိသားစုဝင် ၇ဦးသေဆုံး

ISတို့ထိန်းချုပ်ထားသည့် Shirqat မြို့မှ ထွက်ပြေးတိမ်းရှောင်လာသော အီရတ်နိုင်ငံသားများအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    တီကရစ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

    အီရတ်နိုင်ငံ ဆလာဟူဒင်ပြည်နယ် ရှိ မြို့တစ်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသော အီရတ်မိသားစုဝင် ၇ဦး သည် စက်တင်ဘာ၁၃ရက်တွင် ဗုံးပေါက်ကွဲမှုတစ်ရပ်ကြောင့် သေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ လုံခြုံရေး သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။

အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒတ်မြို့ မြောက်ဘက် ၂၈၀ကီလိုမီတာ အကွာ ရှိ IS စစ်သွေးကြွများ ထိန်းချုပ်ထားသည့် Shirqat မြို့မှ ထွက်ပြေးတိမ်းရှောင်လာသော အဆိုပါအီရတ်မိသားစုမှာ အီရတ်နိုင်ငံသားအများစု အသုံးပြုသည့် လမ်း၌ ISအစွန်းရောက်အုပ်စု၏ လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရကြောင်း  အမည်မဖော်လိုသူ သတင်ရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။

အီရတ်အမျိုးသားတစ်ဦး၊ ၄င်း၏အစ်မ၊ ဇနီး နှင့် သားလေးယောက်တို့သည် ဗုံးကြောင့် နံနက်အစောပိုင်း၌သေဆုံးခဲ့ကြရပြီး ၄င်းတို့သည် Shirqat မြို့အား လပေါင်းများစွာ ဝိုင်းရံထားသည့် အစိုးရလုံခြုံရေးတပ်ဖွဲ့များထံ၌ အကူအညီတောင်းခံရန်  နေရပ်ဖြစ်သည့် Shirqat မြို့ကို စွန့်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။

အီရတ်နိုင်ငံ ရွှေ့ပြောင်းနေထိုင်မှုနှင့် အိမ်ရာမဲ့များဆိုင်ရာ ဝန်ကြီးဋ္ဌာန က မိသားစုပေါင်း ၁၅,၀၀၀ ကျော်သည် ဥပဒေစိုးမိုးမှုမရှိခြင်း၊ စားနပ်ရိက္ခာလုံလောက်မှုမရှိခြင်း၊ သောက်သုံးရေနှင့် ဆေးဝါများမရရှိခြင်းတို့ကြောင့် Shirqat မြို့နှင့် အနီးအနားရှိရွာများကို စွန့်ခွာခဲ့ကြကြောင်း သိရသည်။

Shirqat မြို့သည် ဆလာဟူဒင်ပြည်နယ် တွင် ISစစ်သွေးကြွတို့ နောက်ဆုံးထိန်းချုပ်ထားသည့်မြို့ဖြစ်ပြီး ယင်းမြို့လွတ်မြောက်ရန်လုပ်ဆောင်ချက်သည် အီရတ်နိုင်ငံ မြောက်ပိုင်း Nineveh ပြည်နယ်မြို့တော် မိုဆူးလ်မြို့အား အခိုင်အမာထိန်းချုပ်ထားသည့် ISတို့၏လက်မှ လွတ်မြောက်ရန် အဓိကထိုးစစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

မိုဆူးလ်မြို့သည် အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ISအစွန်းရောက်အုပ်စုက အီရတ်နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများအား ထိန်းချုပ်ခဲ့သည့် ၂၀၁၄ခုနှစ်မှစ၍ ၄င်းတို့၏ထိန်းချုပ်မှုသို့ရောက်ရှိခဲ့သည်မှာ ၂နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

(Xinhua)
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :