ကုမ္ပဏီဆီက ငွေလက်ခံမိလို့ Sam ရာထူးကနေ နှုတ်ထွက်
![]() |
| ပါလီမန် ရာထူးကနေ နှုတ်ထွက်ကြောင်း ကြေညာတဲ့ လေဘာပါတီ လွှတ်တော်အမတ် Sam Dastyari (Credit: AAP) |
အသက် ၃၀ ကျော်သာရှိသေးတဲ့ Sam ဟာ သူ့ရဲ့ ခရီးသွားလာရေး စရိတ် တစ်ထောင်ကျော်ကို တရုတ်ကုမ္ပဏီ တခုက ပေးပေးတာကို လက်ခံခဲ့ပါတယ်။
လက်ခံတဲ့အကြောင်းကိုလည်း မှတ်တမ်းတင်ခဲ့လို့ တရားဝင် လုပ်ဆောင်ပေမယ့် မလုပ်သင့်တာကို လုပ်ခဲ့တယ်ဆိုပြီး Sam က တောင်းပန်မှု လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံရေး အတိုက်အခံဘက်က ဒီကိစ္စကို ထိုးနှက်မှုတွေ လုပ်လာတဲ့အတွက် သူ့ကိစ္စကြောင့် တခြားအရေးကြီးတဲ့ အရာတွေ မဆွေးနွေးဖြစ်မှာကို စိုးရိမ်လို့ သူလက်ရှိထမ်းဆောင်နေတဲ့ ရာထူးကနေ နှုတ်ထွက်ကြောင်း မနေ့တုန်းက ကြေညာလိုက်ပါတယ်။
Sam ဟာ လေဘာပါတီ အမတ်ဖြစ်သလို အရေးကြီးတဲ့ ရာထူး ၂ ခုကိုလည်း ရယူထားတဲ့အတွက် အဲဒီရာထူးကနေ နှုတ်ထွက်ပေးလိုက်တာ ဖြစ်ပါတယ်။
အစိုးရပါတီဘက်ကတော့ အလျူရှင်တွေ ပေးလာတဲ့ အလျူငွေတွေကို ပါတီအနေနဲ့ လက်ခံနိုင်ပေမယ့် ပုဂ္ဂိုလ်ရေးအရတော့ မယူသင့်ဘူးလို့ ပြောဆိုနေပါတယ်။
Sam ရဲ့ ကိစ္စပေါ်လာပြီးတဲ့နောက် နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘိရှော့ပ်ဟာလည်း သြစတြေးလျမှာ ခေတ်စားတဲ့ ဖူတီဘောလုံးပွဲကို ကြည့်တဲ့အခါမှာ ပြည်သူပိုင်ငွေနဲ့ ကုန်ကျခံခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။
ဂျူလီဘိရှော့ပ် အားပေးတဲ့ West Coast Eagles အသင်းရဲ့ ဖိုင်နယ်ပွဲကို သွားကြည့်တဲ့အခါ ဟိုတယ်ခတွေ၊ ဘောလုံးပွဲ ဝင်ကြေးနဲ့ ကားငှားခတွေကို ပြည်သူပိုင်ငွေနဲ့ သုံးခဲ့တယ်လို့ စွပ်စွဲကြပေမယ့် နိုင်ငံခြားရေး ဝန်ကြီးကတော့ အဲဒီ ဘောလုံးပွဲမှာ နိုင်ငံရေး သမားတွေ၊ အာရှ- ပစိတ်ဖိတ်မှာ ဖူတီအားကစား စိတ်ဝင်စားလာအောင် လုပ်ဆောင်တာ ရှိတဲ့အတွက် အဆက်အသွယ်တွေ ရဖို့အတွက် အလုပ်ကိစ္စနဲ့ သွားရောက်တာ ဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။
ABC Radio Australia
Labels
နိုင်ငံတကာသတင်း

Post A Comment
No comments :