Latest Posts

ရန်ကုန်မြို့တော်ဝန်ရဲ့ ဖြေကြားချက်အချို့ကြောင့် လွှတ်တော်မှာပွဲကျ

ရန်ကုန်မြို့တော်ဝန်ရဲ့ ဖြေကြားချက်အချို့ကြောင့် လွှတ်တော်မှာပွဲကျ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ နေ့ကပြန်လည်စတင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့၏ မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြားရာတွင် အချို့သောဖြေကြားချက်များကြောင့် လွှတ်တော်တွင်ပွဲကျခဲ့ကြကြောင်း သိရသည်။
အောက်တိုဘာ ၃ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ဒဂုံတောင်မြိုကနယ် အမှတ် ၁ မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ မေးမြန်းသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့သော အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် လမ်းညွှန်ဆိုင်းဘုတ်ကြီးများကို မြို့နယ်တိုင်းတွင် ထားရှိစိုက် ထူပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခြင်းခဲ့ရာ မြို့တော်ဝန် ဦးမောင်မောင်စိုးက"ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်အသီးသီး၊ လမ်းမကြီး၊ လမ်းဆုံနေရာတွေမှာ အင်္ဂလိပ်-မြန်မာနှစ်ဘာသာနဲ့ လမ်းညွှန်ဆိုင်းဘုတ်ပေါင်း ၃၅၄ ခု စိုက်ထူထားပါတယ်။ ဆက်လက်ပြီးလည်း လိုအပ်တဲ့နေရာတွေမှာ စိုက်ထူပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို စိုက်ထူတဲ့နေရာမှာလည်း အရင်တုန်းက အားနည်းချက် တွေရှိပါတယ်။ မလိုအပ်ဘဲနဲ့ ဘာသာပြန်မှုတွေပေါ့။ ဥပမာအားဖြင့် ဒေါ်ကြယ်လမ်းကို Daw Star Street ဆိုပြီး ဘာသာပြန်တာမျိုးတွေ မလုပ်တော့ဘဲနဲ့ Daw Kyal Street ဆိုပြီး နိုင်ငံခြားသား နားလည်အောင် လုပ်ထားမဲ့အစီအစဉ်ရှိပါတယ်' ဟု ဖြေကြားခဲ့သည်။
ထို့ပြင် နိုဝင်ဘာ ၄ ရက်နေ့က လွှတ်တော်အစည်းအဝေးတွင်လည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က လူငယ်များအားကစားပြုလုပ်နိုရန် အရန်မြေ ကွက်များရှိနေသဖြင့် မြို့နယ်အဆင့်အားကစားကွင်းများ တည်ဆောက်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ရာ မြို့တော်ဝန်က"အခု နောက်ဖေးလမ်းကြားတွေ အမှိုက်ပုံတွေရှင်းရင်းနဲ့ မြေကွက်လပ်တွေ ထွက်လာတယ်။ အဲလိုရှင်းလင်းရင်းနဲ့ ပေ ၄၀-၆၀ တကွက်စာလောက် ထွက်လာတဲ့အခါ အဲဒီနေ ရာတွေမှာ ကားပါကင်တွေလုပ်ဖို့လည်း အစီအစဉ် ရှိသလို အားကစားကွင်းတွေ တည်ဆောက်ဖို့ (အစီအစဉ်) ရှိပါတယ်။ လောလောဆယ် အားကစားကွင်းတွေက မတည်ဆောက်လို့လဲ မရဘူး မလုပ်လို့လဲ မရတော့ဘူး။ ကျွန်တော် သေသေချာချာရှင်းပြီးရင် ကျူးကျော်ကဝင်လာမှာ ကြောက်တယ်''ဟု ဆိုပြန်သဖြင့် ပွဲကျခဲ့ပြန်ကြောင်း သိရသည်။
ကမာရွတ်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၏ ကမာရွတ်မြို့နယ်ရှိ ဆင်မလိုက်မီးပွိုင့်မှာ ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာခြင်း၊ နှစ်စဉ် ယာဉ်မတော်တဆဖြစ်မှု၊ လူသေဆုံးထိခိုက်ဒဏ်ရာရခြင်းများ၊ ကျောင်းနေအရွယ်ကလေးများ လမ်းဖြတ်ကူးရာတွင် အလွန်အန္တရာယ်များခြင်းတို့ကြောင့် ဆင်မလိုက်မီးပွိုင့်အား လူကူးခုံးကျော်တံတား ဆောက်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့်ပတ်သက်၍" ဆင်မလိုက်မီးပွိုင့်အခြေအနေဟာ ဟိုးလွန်ခဲ့တဲ့ ကျွန်တော့်ရဲ့ မျက်မြင်ပါ။ ဟိုးလွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်း ကွန်ကရစ်လမ်းမခင်းခင်တုန်းကဆိုရင် ကျွတော်က လှိုင်သာယာမှာနေတဲ့အတွက်ကြောင့် ညဘက်ကျရင် လမ်းလျောက်ပြန်တယ်။ အဲဒီအခါကျတော့ လမ်းကမကောင်းတဲ့အတွက်ကြောင့် ဆိုက္ကားတွေက အလယ်ကနင်းရပါတယ်။ အဲဒီမှာ ဆယ်ဘီးကားကလည်း မောင်းလာတယ်။ ဆိုက္ကားက မီးမထွန်းတော့ ကားကမမြင်ဘူး။ မမြင်တော့ ကျွန်တော့်ရှေ့တင်မှာပဲ ဆိုက္ကားဘဝကနေ ဆိုက်ပြားဖြစ်သွားတယ်။ လူကော ဆိုက္ကားကော တစ်ခါတည်း အပြားလိုက် အပြားလိုက်ကြီးကိုဖြစ်သွားတဲ့အခါကျတော့ ကျွန်တော် နှစ်ရက်လောက် သွေးပျက်ခဲ့ပါတယ်''ဟု မြို့တော်ဝန်က ကိုယ်တွေ့နှင့်ယှဉ်၍ ဖြေကြားခဲ့သည်။
ဆင်မလိုက်မီးပွိုင့်နေရာတွင် လူကူးခုံးကျော်တံတားကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ဖြစ်ကြောင်းနှင့် လူကူးခုံးကျော်တံတား မတည်ဆောက်ခင် လူကူးမျဉ်းကြားထားရှိပေးမည်ဟု မြို့တော်ဝန်က ဆက်လက်ဖြေကြားခဲ့သည်။
လင်းလင်းအောင်
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :