ဘိုကလေးမြို့နယ် ငါးပိချောင်း ရေကျော်ချောင်းအတွင်း မိကျောင်းများတွေ့နေ ၍ ဒေသခံများ စိုးရိမ်နေရ


ဘိုကလေး စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာ အုပ်စု မြင်းကအုပ် ကျေးရွာ ငါးပိချောင်း ရေကျော်ချောင်းဘေးတွင် နေထိုင်သော ကိုမျိုးထွန်း (၄ဝနှစ်)ကို မိကျောင်းအဝါကျားကြီးက စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဆွဲယူသွားမှု ဖြစ်ပွားခဲ့သည်။

နောက်ဆက်တွဲ သတင်းအနေဖြင့် အခင်းမဖြစ်ပွားမီ စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က မြင်းကအုပ်ကျေးရွာ တွင် နေထိုင်သောထက်ကို (၂ဝနှစ်) မွေးမြူထားသည့် ၂၅ ပိဿာခန့်ရှိ ဝက်ကို ချောင်းနှင့်၁၅ ပေအကွာ၌ မိကျောင်း အဝါကျားကြီးက တက်အဆွဲတွင် ထက်ကို၏ဇနီး မအငယ်မက '' လာကြပါဦး၊ ဝက်ကို မိကျောင်းဆွဲနေလို့'' ဆိုပြီး အော်ဟစ်ခဲ့သည်။

ယင်းသို့ အော်သံကြောင့် အနီးအပါး စက်လှေ၊ သင်္ဘောပိုင်ရှင်များက ချောင်းရိုး တစ်လျှောက် ရေစုန် ရေဆန်လိုက်လံ၍ ရှာဖွေပေးကြသည်။ နှစ်နာရီ ခန့်ကြာသောအခါ မိကျောင်းက ချောင်းနံဘေးတွင် ဝက်ကိုကိုက်ချီလျက်သား ကမ်းနံဘေးမှေးပြီး ပေါ်နေ၍ ခြောက်လှန့်သောအခါ ဝက်ကိုလွှတ်ထားခဲ့ပြီး ထွက်ပြေးသွား၍ ယင်းဝက် အသေကောင် ပြန်ရခဲ့သည်။


စက်တင်ဘာ ၁၅ ရက်က မြင်းကအုပ်ကျေးရွာနေ ဦးဖုန်း(၅ဝ နှစ်) ၏ ချောင်းနှင့် ပေ ၂ဝ အကွာ၌ ခြံဖြင့် မွေးမြူထားသော ဝက်များအနက် ဝက်ငယ်တစ်ကောင်ကို မိကျောင်းက အမြီးနှင့်ရိုက်ပုတ်ပြီး ကိုက်ချီသွားသည်။ ဝက်မအကြီးမှာ ကြိုးပြတ် ထွက်ပြေးသွား၍ ပါမသွားခဲ့ပေ။

ထို့အပြင် ယနေ့နံနက် ၉ နာရီခန့်တွင် ကိုမျိုးထွန်း မိကျောင်းဆွဲခံရ သည့် နေရာနှင့် အနည်းငယ်အကွာ ချောင်းကျဉ်းလေးထဲ၌ မိကျောင်းနှစ်ကောင်ပေါ်နေသည်ကို မြင်းကအုပ်ကျေးရွာ ရာအိမ်မှူး ဦးသန်းလွင်နှင့်ရွာသားအချို့က တွေ့ခဲ့သည်။

''ဒီလို မိကျောင်းတွေသောင်းကျန်းနေလို့ အိမ်ကကလေးတွေ လှေနဲ့ ကျောင်းပို့ ဖို့ကိစ္စဘယ်လိုမှ လုပ်လို့မရဘူး၊ ကျောင်းပျက်ရက်တွေလည်း များနေပြီ၊ အခက်တော့ တွေ့နေပြီ'' ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ဘိုကလေး-ဌေးနိုင်
MOI Webportal Myanmar
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :